မကွေး၊ ဇွန် ၂၆
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့ လူငယ်တွေအတွက် ရပ်ကွက်နဲ့ ကျေးရွာအလိုက်၊ အိမ်ထောင်စုအလိုက် ငွေကြေးထည့်ဝင်ထားရပေမယ့် အဲဒီငွေကြေးတွေကို အမှန်တကယ် ထောက်ပံ့ပေးခြင်းမရှိဘူးလို့ ဒေသခံတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီလူငယ်တွေ စစ်မှုထမ်းဖို့အတွက် အိမ်ထောင်စုအလိုက်အချိုးကျ ငွေကြေးကောက်ခံခဲ့ပေမယ့် အခြေခံစစ်သင်တန်းတက်ရသူတွေရဲ့ မိသားစုတွေကတော့ အဲဒီထောက်ပံ့ကြေးကိုမရကြတာလည်း ဖြစ်ပါတယ်။
“စစ်မှုထမ်းဖို့အတွက်ဆိုပြီး တစ်အိမ်ကိုဘယ်လောက် ကောက်တာရှိတယ်။ ရွာကလည်း သူတို့မထမ်းရတော့ ဝိုင်းပြီးထည့်တာပေါ့။ အဲဒီကောက်ရတဲ့ပိုက်ဆံတွေက စစ်မှုထမ်းတဲ့ကလေးမိဘတွေဆီကိုမရကြဘူး။ ကျွန်တော့် တူဆိုလည်း အခုထိအဆက်သွယ်မရသလို သူ့အတွက်လည်း ဘာမှမရဘူး။” လို့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူရဲ့ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပွင့်ဖြူမြို့နယ်ကကျေးရွာတွေမှာ စစ်မှုထမ်းရတဲ့ လူငယ်တွေအတွက် လစဉ် နှစ်ထောင်ကျပ်ကနေ ငါးထောင်ကျပ်အထိ ကျေးရွာအလိုက်၊ အိမ်ထောင်စုအလိုက် ကောက်ခံနေတာပါ။
ကောက်ခံရရှိတဲ့ ငွေကြေးတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် ပျူစောထီးတွေကိုပေးရပြီး ပျူစောထီးတွေလက်ထဲမှာ စာရင်းပျောက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ ရှောင်ရှားသူတွေဟာ တစ်ယောက်ကို သိန်း ၅၀ ဝန်းကျင်ပေးခဲ့ရပေမယ့် အစားထိုးစစ်မှုထမ်းသူဟာ အဲဒီ ငွေကြေးအပြည့်အဝလည်း မရရှိဘူးလို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံတွေက စစ်မှုထမ်းအပတ်စဉ်အသစ်အတွက် တပ်သားသစ် ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပြီး ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာတော့ လူငယ်တွေကို တောက်လျှောက်ဖမ်းဆီးတာတွေလုပ်ဆောင်လာပါတယ်။
စစ်မှုထမ်းဖို့ မူလမဲပေါက်သူတွေလည်း ငွေကြေးနဲ့ ပထမအကြိမ်ရှောင်နိုင်ခဲ့ပေမယ့် နောက်အကြိမ်တွေအတွက် အာမခံချက်မရှိတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI