နေပြည်တော် ၊ ဇွန် ၂၇

စစ်ကောင်စီ ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁ က သင်တန်းသားတွေကို ဇွန်လကုန်မှာ တာဝန်စပေးတော့မှာဖြစ်လို့ လက်ရှိရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ ဖြန့်ခွဲပို့ဆောင်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်နဲ့ တော်လှန်ရေးတာဝန်ရှိသူက သုံးသပ်ကြပါတယ်။

နိုင်ငံအနှံ့ခုခံတော်လှန်စစ်ကြောင့် တပ်အင်အားပြုန်းတီးမှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး တပ်သားအဖြစ် စုဆောင်းခံရသူ အယောက် ၅၀၀၀ ကို ဧပြီပထမအပတ်မှာ အပတ်စဉ် ၁ အဖြစ် စစ်သင်တန်း စတင်ခေါ်ယူခဲ့တာပါ။

စစ်မှုထမ်းပထမအသုတ်ဖြစ်တဲ့ အပတ်စဉ် ၁ မှာ ပါဝင်ခဲ့ကြသူတွေဟာ ဇွန်လကုန်မှာ စစ်သင်တန်းလေ့ကျင့်မှု ပြီးဆုံးမှာဖြစ်ပြီး တပ်သားသစ်အဖြစ် တာဝန်ထမ်းဆောင်ခိုင်းဖို့ နိုင်ငံတဝန်းရှိ စစ်ဘက်ဆိုင်ရာဌာနတွေဆီ စေလွှတ်သွားမယ်လို့ စစ်တပ်သတင်းရင်မြစ်က AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် သင်တန်းဆင်း တပ်သားသစ်တွေကို ဘယ်လိုတာဝန်တွေ ထမ်း‌ဆောင်ခိုင်းမလဲဆိုတာ အသေးစိတ်ထုတ်ပြောတာ မရှိခဲ့ပေမယ့် နောက်စစ်တပ်သတင်းရင်းမြစ်ကတော့ လေ့ကျင့်မှုပြီးဆုံးလို့ ရောက်လာတဲ့ တပ်သားသစ်တွေကို တပ်စခန်းတွေကပဲ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက အင်အားချိနဲ့နေတဲ့ စစ်ကောင်စီအနေနဲ့ အင်အားပြန်ဖြည့်ဖို့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို နောက်တန်းမှာ ထားမှာမဟုတ်ဘဲ တိုက်ပွဲဝင်ခိုင်းမှာ သေချာတယ်လို့ သုံးသပ်ပါတယ်။

“သူတို့ရဲ့ ချိနဲ့နေတဲ့ အင်အားကို ပြန်လည်ဖြည့်တင်းဖို့ဖြစ်တာမို့ နောက်တန်းမှာ ထားမယ်လို့ ကျွန် တော် မယုံဘူး။ သူတို့ရဲ့ လက်ရှိ စစ်မှုထမ်းဆောင်နေတဲ့ သူတို့ရဲ့ စစ်သားတွေနဲ့အတူ ရောပြီးတော့ တိုက်ပွဲဝင်ခိုင်းမှာ သေချာတယ်။ အတွေ့အကြုံမရှိ တိုက်ပွဲကြီးထဲ သွားလို့ရှိရင်တော့ သေဖို့များမှာပဲလို့ ကျွန်တော်မြင်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ လနဲ့ချီ ရှုံးပွဲဆက်တိုက်ဖြစ်နေတဲ့ ရခိုင်ဒေသအပါအဝင် ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ တနင်္သာရီက မြို့နယ်တချို့မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဒီအခြေအနေမှာ ငါးလကျော်ကြာ အပစ်ခတ်ရပ်စဲထားတဲ့ ရှမ်းမြောက်မှာ ဇွန် ၂၅ ရက်နေ့ကစတင်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တကျော့ပြန်လာတဲ့အတွက် ကျောက်မဲ၊ သီပေါ၊နောင်ချိုဘက်မှာ တအာင်းတပ်မတော် TNLA ပူးပေါင်းတပ်တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် တအာင်းတပ်မတော် TNLA ပူးပေါင်းတပ်တွေရဲ့ စစ်အရှိန်လျော့ကျဖို့ ရှမ်းမြောက်ဘက်ကို တပ်အင်အားအများအပြား ထပ်မံပို့ဆောင်လာနိုင်တဲ့အတွက် အပတ်စဉ် ၁ သင်တန်းဆင်း တပ် သားသစ်တွေ မသက်သာဘူးလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

နိုင်ငံရေးစစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တိုက်ပွဲတွေမှာ နှစ်ချီလေ့ကျင့်ထားတဲ့ စစ် သည်တွေတောင် အောင်မြင်အောင် မလုပ်နိုင်ချိန်မှာ ၂ လ လောက် သင်တန်ပေးထားတဲ့ တပ်သား သစ်တွေကို အသုံးချလည်း စစ်တပ်ဘက်က အဆုံးအရှုံးများဖို့ပဲ ရှိတယ်လို့ ထောက်ပြပါတယ်။

“လေ့ကျင့်ထားတဲ့ စစ်သည်တွေပါဝင်တဲ့ စစ်ကြောင်းတွေတောင် အောင်မြင်အောင် မလုပ်နိုင်တဲ့အချိန်မှာ ဒီစစ်သားသစ်တွေကို အစားထိုးပြီးတော့ အသုံးချပါလိမ့်မယ်။ ဒါပေမယ့် အဲဒါပိုမိုပြီးတော့ အဆုံးအရှုံးတွေ စစ်တပ်ဘက်က ပိုများဖို့ပဲရှိပါတယ်။ ဘာလို့ဆို ၂ လ လောက် သင်တန်းတက်ပြီးတော့ သေနတ်ပစ်ခတ်တဲ့နည်း သိရုံနဲ့ စစ်ရေးတာဝန်ကို ထမ်းဆောင်လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ အဲဒီ (တပ်သားသစ်) ၅၀၀၀ ထွက်လာလည်း အဲဒီ ၅၀၀၀ ဟာ ကျရှုံးနေတဲ့ စစ်တပ်ရဲ့ ဆုံး ရှုံးတဲ့ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ဆယ်တင်နိုင်မယ့် အနေအထား လုံးဝမရှိဘူးလို့ ကျွန်တော်က ယုံကြည်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

တစ်ဘက်မှာလည်း ဧပြီလဆန်းကတည်းက မြဝတီမြို့ ကို စစ်ကူဖို့ အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကလည်း လက်ရှိအချိန်ထိ လမ်းခုလတ်မှာတင် ကရင်တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ တောက်လျှောက် ဟန့်တားတိုက်ခိုက်မှုတွေကို ခံနေရတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ၁၂ ပတ်ကြာမယ့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၃ အတွက် သင်တန်းဖွင့်ပွဲကို ဇွန် ၂၅ ရက်နေ့မှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေရှိ လေ့ကျင့်ရေးကျောင်းတွေမှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ မွန်ပြည်နယ်က စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၃ အတွက် တပ်သားအဖြစ် စုဆောင်းခံရသူ ၁၆၅ ဦးရှိတဲ့အတွက် ပြီးခဲ့တဲ့ အပတ်စဉ်နှစ်ခုနဲ့ ထည့်ပေါင်းရင် စစ်သားစုဆောင်းခံရသူ ၈၀၀ နီးပါးအထိ ရှိလာနေတာပါ။

စစ်ရေးအကဲခတ်တွေကတော့ တပ်အင်အားချိနဲ့လာနေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အား စုတွေရဲ့ ထိုးစစ်တွေကို ရပ်တန့်နိုင်ဖို့ လိုအပ်တဲ့ စစ်အင်အားတွေ ဖြည့်တင်းနိုင်ရေး တပ်သားသစ်တွေကို မြန်ဆန်စွာ သင်တန်းပေးပြီး ရှေ့တန်းပို့ဖို့ စီစဉ်နေတာလို့ သုံးသပ်ကြပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်း အပတ် စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုမှာ လူငယ် ၉၀၀၀ ဝန်းကျင် စုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.