ကျောက်မဲ၊ ဇွန် ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇွန် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီနေ့ မနက်အစောပိုင်းကစပြီး TNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တကျော့ပြန် တိုက်ပွဲတွေဟာ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်မဲမြို့ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရပ်ကွက် ၈ ရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၄၂ နှစ်အရွယ် ကိုမျိုး သေဆုံးခဲ့ပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် ရပ်ကွက် ၉ ရှိ အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ပန်ပေါင်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နန်းအွမ်ငင်းနဲ့ နားအိုက်ခန့်ကျေးရွာမှ အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တစ်ဖက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်တွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို စစ်ဘေး တိမ်းရှောင်နေရတယ်လို့ TNLA က ဆိုပါတယ်။
ရှမ်းမြောက်ဒေသက တကျော့ပြန် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ၁၁ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို Mi-17 ထောက်ပို့လေယာဉ်နဲ့လည်း ၃ ကြိမ်ထက်မနည်း လက်နက်ခဲယမ်းတွေ လာရောက်ဖြည့်တင်းခဲ့ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ အခုတိုက်ပွဲဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ရဲ့ အဆက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တအာင်းတပ်မတော်မှ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA