ကျိုက်ထို၊ ဇွန် ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အခိုင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်တောင်းစက္ကူစက်ရုံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အခိုင်ကျေးရွာနေ ဦးဝင်းဆန်း နေအိမ်ရှေ့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၀ အရွယ် မလှယမင်း ထိမှန်သေဆုံးခဲ့ပြီး ဦးဆန်းဝင်းနဲ့ အသက် ၁၂ အရွယ် သမီးဖြစ်သူ မဖြူစင်မိုးတို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကိုတော့ ကရင်အမျိုးသားအစည်းအရုံး KNU တပ် မဟာ ၁ သထုံခရိုင် ဆေးအဖွဲ့က ကုသပေးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အခိုင်ကျေးရွာဟာ KNU သထုံခရိုင်အုပ်ချုပ်နယ်မြေက ကျေးရွာဖြစ်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မေလကစပြီး KNU သထုံခရိုင်အုပ် ချုပ်နယ်မြေက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ ကျူးလွန်နေတာပါ။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲကို သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အ‌မြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သံဃာ နှစ်ပါးနဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုလအတွင်း ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.