မော်လမြိုင် ၊ ဇွန် ၂၅

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာအတွင်း နိုင်ငံ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း ဒါမှမဟုတ် ခန့်မှန်ခြေ လူဦးရေ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကု လသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် UNDP က ထုတ်ပြန်ပါတယ်။

UNDP ရဲ့ ထုတ်ပြန်ချက်အရ သုံးနှစ်တာအတွင်း နိုင်ငံတွင်းရှိ လူလတ်တန်းစား လူဦးရေ ၅၀ ရာ ခိုင်နှုန်းကျဆင်းသွားတဲ့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းကလည်း စားနပ်ရိက္ခာမလုံ‌လောက်မှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးပြီး ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂကတဆင့် ဖွံ့ဖြိုးရေးအကူအညီဟာ ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရသလို တချိန် တည်းမှာ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်တွေကလည်း ရန်ပုံငွေမလုံလောက်ဘဲ ရှိနေတာပါ။

မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုးကို တစ်ကျော့ပြန်စေတဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဟာ လက်ရှိအချိန်အထိ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍပေါင်းစုံတွေမှာ ပျက်စီးယိုယွင်းမှုတွေ တစ်ဆထက်တစ်ဆ ကြီးထွားလာစေခဲ့ပါတယ်။

တစ်ဘက်မှာ ငွေကြေးဖောင်းပွမှုကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စစ်ကောင်စီရဲ့ ကန့် သတ်ထိန်းချုပ်မှုတွေ စီမံခန့်ခွဲမှုအလွဲတွေကြောင့် အခြေခံလူတန်းစားတွေအပြင် လူလတ်တန်းစား ပြည်သူတွေကိုပါ ပိုမိုကျပ်တည်းစေတယ်လို့ စီးပွားရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်‌ဆေးဖမ်းဆီးမှုတွေကြောင့် လုပ်ငန်းတွေ နှောင့်နှေးရှားပါးလာတဲ့အတွက် ဆင်းရဲမွဲတေမှုဒဏ်ကို ပိုခံစားရတယ်လို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ကုန်စည်စီးဆင်းမှုကလည်း နှေးကွေးလာတာကြောင့် ရောင်းလိုအားထက် ဝယ်လိုအား မြင့်နေတဲ့အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာသလို အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ဆင်းရဲမွဲတေမှုဒဏ်ကို ကျပ်တည်းစွာ ခံစားရတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ အခုနှစ်အစပိုင်းမှာ မြန်မာနိုင်ငံက လူ ဦးရေ ၃၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးလာပြီး ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းကလည်း ဆက်လက်မြင့်တက်လာနိုင်သလို ဆင်းရဲမှုအခြေအနေ ပိုမိုဆိုးရွားလာမယ်လို့ ဆိုပါတယ်။

UNDP ကတော့ အဆမတန်ကြီးထွားလာနေတဲ့ လိုအပ်ချက်ကို တုံ့ပြန်ဖို့ စိန်ခေါ်မှုဖြစ်နိုင်သေးပေမယ့် လူပေါင်း ၂ သန်းကျော်ကို အကူအညီတွေ ပေးခဲ့ပြီး လာမယ့် ၂၀၂၅ နှစ်ကုန်မှာ လူပေါင်း ၈ သန်းအထိ အကူအညီတွေ ပေးနိုင်အောင် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူ သုံးသန်းကျော်ရှိလာသလို နောက်ထပ် ၁ ဒသမ ၃ သန်းကလည်း နယ်စပ်ဖြတ်ကျော်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကု လသမဂ္ဂ UNOCHA ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.