ချောင်းဆုံ၊ ဇွန် ၂၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီးလူးကျွန်း)မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရေး ခွင့် ပြုချက်ရရှိထားပြီလို့ စစ်ကောင်စီခန့်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။
မနေ့ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အဲဒီတွေ့ဆုံမှုမှာ ဦးအောင်ကြည်သိန်းက ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ဖို့ တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိတယ်လို့ တရုတ်သံအမတ်ကို အသိပေးခဲ့တာပါ။
တရုတ်သံအမတ်ကလည်း ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ စရိတ်သက်သာသာတဲ့အတွက် မွန်ပြည်နယ်မှာ အကြီးစားကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ့် စီမံကိန်းတွေ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တရုတ်ဘက်က နည်းပညာနဲ့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေ ကူညီပေးဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာအောင် ဆောင်ရွက်ပေးဖို့၊ တက္ကသိုလ်ဆရာ၊ ဆရာမတွေကို Scholarship ရရှိရေး ဆောင်ရွက်ပေးဖို့ ဦးအောင်ကြည်သိန်းက တောင်းဆိုခဲ့ပါတယ်။
တရုတ်သံအမတ်က တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေး၊ ရှမ်းမြောက်ဒေသ တည်ငြိမ်အေးချမ်းစေရေးနဲ့ တရုတ်-မြန်မာကုန်သွယ်မှု လမ်း ကြောင်းတွေ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံအားပေးကြောင်းနဲ့ မွန်ပြည်နယ်ရှိ တရုတ်အသင်းအဖွဲ့တွေကို အလေးထားဂရုစိုက်ပေးတဲ့အတွက် များစွာကျေးဇူးတင်ရှိတယ်လို့ ပြောကြားကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်သံအမတ်ရဲ့ မွန်ပြည်နယ် ခရီးစဉ်ဟာ အာဏာသိမ်းကာလအတွင်း ပထမဆုံးခရီးစဉ် တစ်ခုဖြစ်ပြီး အဲဒီခရီးစဉ်ကြောင့် ဒေသတွင်းမှာ စစ်ကောင်စီဘက်က လုံခြုံရေးအထူးတင်းကျပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – U Aung Kyi Thein(FB)