မော်လမြိုင်၊ ဇွန် ၂၆

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မရှိသလောက် နည်းပါးနေတယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တရုတ်သံအမတ်ချန်းဟိုင်နဲ့ တွေ့ဆုံစဉ် ဝန်ခံပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်ကို မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လက်ခံတွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံမှုမှာ ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နည်းပါးတဲ့အတွက် ဒေသတွင်းက ပြည်သူတွေဟာ အခြားနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒေသတွင်းက ပြည်သူတွေ အခြားနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြရတာကြောင့် လူ သားအရင်းအမြစ်တွေ ဆုံးရှုံးနေရတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆောင်ရွက်ပေးစေလိုတယ်လို့ တောင်းဆိုခဲ့ပါတယ်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်တာဟာ လျှပ် စစ်မီးလိုအပ်ချက်ကြောင့် ဖြစ်သလို မြေယာအသုံးချမှုအပါအဝင် အကျိုးအမြတ် ပြန်လည်ထုတ် ယူဖို့ အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုရင် လျှပ်စစ်စွမ်းအားက လုံးဝမပြည့်စုံဘူး။ အခက်အခဲတွေက ဒါရှိတယ်။ လက်ရှိအနေအထားမှာဆိုလည်း မြေယာအသုံးချမှုတွေပေါ့။ တချို့အသုံးချမှုတွေရဲ့ ဥပဒေကိုက အခက်အခဲလေးတွေ ရှိနေကြတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ထားပြီးရင်လည်း သူတို့က လက်ရှိရရှိတဲ့ အကျိုးအမြတ်တွေကိုလည်း ပြည်ပကိုပြန်ပြီး ထုတ် ယူဖို့ကလည်း ခက်ခဲနေတယ်လေ။ ဆိုတော့ အဲဒါကြောင့်မို့လည်း စိတ်မဝင်စားတာတွေ ပါတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းပြီး ကုန်ကြမ်းဝယ်ယူရာမှာ ဈေးနှုန်းအဆမတန် မြင့်တက် နေတာ၊ နိုင်ငံခြားငွေဝယ်ယူဖို့ ခက်ခဲတာ၊ နယ်မြေလုံခြုံအေးချမ်းမှုမရှိတာတွေကြောင့်လည်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေ မဝင်ရောက်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်တိုင်း အရင်ကထက် သုံးဆဝန်းကျင် ရင်းနှီးမြှုပ်နှံနေရတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တော့ဘဲ ရှိနေတဲ့ လုပ်ငန်းတွေကို လည်ပတ်နိုင်အောင်သာ မနည်းရုန်းကန်နေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နည်းပါးတဲ့အတွက် ပြည်သူတွေ အခြားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေရတယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် ဒေသတွင်း လုပ်ခလစာနည်းပါးပြီး ကုန် ဈေးနှုန်းမြင့်တက်နေတာကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြတာလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“လုပ်သားရှားပါးလာတယ်ဆိုတာတော့ အမှန်ပဲ။ တစ်ချက်က ကျွန်တော်တို့ တိုင်းပြည်မှာက လုပ်ခစနစ်ပေါ့ဗျာ။ ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာ အစိုးရကနေ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခက တစ်ရက်လုပ်ခ ၄၈၀၀ ပေါ့နော်။ တဖက်ကတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်။ ဘဲဥတစ်လုံးတောင် ၅၀၀ ကျော် ဖြစ်နေတဲ့ ကာလကျတော့ စားဝတ်နေရေး အဆင်မပြေတော့ဘူး။ စားဝတ်နေရေး အဆင်မပြေတော့ လူငယ်လူရွယ်အများစုက ပုံစံမျိုးစုံနဲ့ နယ်စပ်ဖြတ်ကျော်ပြီးတော့ ပြည်ပထွက်တာတွေပဲ လုပ်လာကြတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားကြတဲ့အတွက် အလုပ်အကိုင်ရှားပါးပြီး ပြည်ပထွက်ခွာတာရှိသလို စစ်ကောင်စီက ပြန်လည်အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်လည်း ပြည်ပထွက်ခွာမှုနှုန်း သိသိသာသာ မြင့်တက်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ရင်းနှီးမြှုပ်နှံမှု လျော့ကျလာတာကြောင့် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ရပ် တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုပိုဆိုးရွားလာကာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း ဆက် လက်မြင့်တက်နေဖွယ်ရှိတဲ့အတွက် ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင်ငံအနှံ့အပြား ဆိုးရွားနေမယ်လို့ ဇွန် ၁၂ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းသုံးနှစ်တာကာလအတွင်း ၂၀၂၄ ခုနှစ်အစမှာ နိုင်ငံ့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိလာတာကြောင့် ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့တဲ့ အခြေအ နေကို ပြန်လည်ကျရောက်သွားပြီလို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Myint Soe

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.