နေပြည်တော်၊ ဇွန် ၂၅

စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအသုတ်အဖြစ် ခေါ်ယူထားသူ ၅၀၀၀ ကို အခုလကုန်မှာ တာဝန်စပေးတော့မယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက AFP သတင်းဌာနကို ဇွန် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ စစ်သားအင်အား ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။

အဲဒီဥပဒေအရ မြန်မာစစ်တပ်အနေနဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အရွယ်ရှိ အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အရွယ်ရှိ အမျိုးသမီး အားလုံးကို အနည်းဆုံး ၂ နှစ် အထိ စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ လဆန်းပိုင်းက စတင်ပြီး ခေါ်ယူထားတဲ့ တပ်သားသစ် ပထမဆုံးအသုတ်ဟာ ဒီလကုန်မှာ လေ့ကျင့်မှု ပြီးဆုံးပါမယ်လို့ စစ်တပ်သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

သင်တန်းကာလ ပြီးဆုံးသူ ၅၀၀၀ ကို တာဝန်ထမ်းဆောင်ခိုင်းဖို့ မြန်မာနိုင်ငံ တဝန်းရှိ စစ်စခန်းတွေဆီ အခုလကုန်မှာ စေလွှတ်သွားမှာ ဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောကြားပေမယ့် ဘယ်လို တာဝန်တွေ ထမ်းဆောင်ခိုင်းမလဲဆိုတာ အသေးစိတ် မပြောပါဘူး။

Soldiers are pictured outside the Central Bank of Myanmar, as people gathered to protest against the military coup, in Yangon on February 15, 2021. (Photo by Sai Aung Main / AFP)

သူ့အနေနဲ့ မီဒီယာတွေကို ပြောဆိုခွင့်မရှိတာကြောင့် အမည်မဖော်ပြဖို့ သတင်းရင်းမြစ်က တောင်းဆိုခဲ့ပါတယ်။

တပ်စခန်းတွေအနေနဲ့ သူတို့လက်ခံရရှိတဲ့ တပ်သား အင်အားကို ဘယ်လို တာဝန်တွေပေးမလဲဆိုတာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ စစ်တပ်သတင်းရင်းမြစ် တစ်ခုက ပြောကြားထားပါတယ်။

လေ့ကျင့်မှုပြီးဆုံးလို့ ရောက်လာတဲ့ တပ်သားသစ်တွေ ကိစ္စကို တပ်စခန်းတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

တတိယအသုတ် စုဆောင်းထားတဲ့ တပ်ဖွဲ့ဝင် ၅၀၀၀ ဟာလည်း လေ့ကျင့်ရေးစခန်းတွေဆီ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့ ဒေသဆိုင်ရာစစ်ဌာနချုပ် ၁၄ ခုရှိပြီး အဲဒီထဲက ၁၀ ခုကို တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေရပါတယ်။

စစ်တပ်ဟာ နိုင်ငံတဝန်း အရှက်တကွဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.