ပခုက္ကူ၊ ဇွန် ၂၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စုထဲက ရှင်မကန် ပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇွန် ၂၅ ရက်မှာသိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ရှင်မကန် ကျေးရွာအခြေစိုက် အဲဒီပျူစောထီးစခန်းကို ဒီနေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် မိနစ် ၅၀ နီးပါးရှိတယ်လို့ သိရပါတယ်။

“သွေးကြွေးတောင်းဖို့ ပြင်ဆင်တဲ့ပွဲပဲ ရှိပါသေးတယ်။ ဒါသွေးကြွေးမဟုတ်သေးဘူး။ ဒီထက်ကြီးမားတဲ့သွေးကြွေး တောင်းဖို့ရှိလာပါဦးမယ်” လို့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO/PDA) ရဲ့ နိုင်ငံရေးတာဝန်ခံရဲဘော်လပြည့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁၀ ဦးသေဆုံးပြီး ၁ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဧရာဒေါင်းတပ်ဖွဲ့ဝင် ရဲဘော်ဟီးရိုး အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။
ရှင်မကန် ပျူစောထီးစခန်းကနေ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ရှင်မကန် ပျူစောထီးစခန်းကို ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ ၊ ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဖလံအိုကျေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ပျူစောထီး ၄ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့(PDO/PDA)