ပဲခူး၊ ဇွန် ၂၆

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ထံ ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အခြားအကျဉ်းသူ ၃၀ ကျော်ဟာ ရိုက်နှက်တိုက်ပိတ်ခံရပြီးနောက် ဆေးဝါးကုသခွင့်မရဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

ဒိုက်ဦးအကျဉ်းထောင်တွင်း ထောင်အာဏာပိုင်တွေမှ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ကျူးလွန်တဲ့ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ ရှစ်ဖွဲ့က ဇွန် ၂၅ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ကျိုက်မရော အကျဉ်းထောင်မှာ ထောင်ဆူပူမှုဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားအပါအဝင် အကျဉ်းသား ၁၅၀ ကျော်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။

အဲဒီနောက် မူးယစ်ဆေးတွေ ပါဝင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းသူတွေပါလာတဲ့ အသုံးအ ဆောင်ပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေက သိမ်းယူခဲ့တဲ့အတွက် ပြန်ပေးဖို့တောင်းဆိုရာမှ အ မျိုးသားထောင်အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းက ထောင်ပြောင်းခံရတဲ့ အကျဉ်းသူတွေဟာ လက်ရှိမှာ ထပ်တိုးအမှုတွေနဲ့ပါ တရားရင်ဆိုင်နေရတဲ့အပြင် ဆေးဝါးကုသခွင့်မပေးဘဲ တိုက်ပိတ်ပြစ်ဒဏ်တွေကိုလည်း ခံနေကြရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း ဒိုက်ဦးထောင်အပါအဝင် တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ ဒိတ်ကုန်နေတဲ့ ဆေးဝါးတွေကိုသာ သုံးစွဲနေရသလို အရေးပေါ် အခြေအနေတွေမှာလည်း ကျန်းမာရေးစောင့် ရှောက်မှုတွေ ကြန့် ကြာနေပြီး လူ့အသက်ကို တန်းဖိုမထားမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

ဒိုက်ဦးထောင်အတွင်းက အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖွဲ့ ၈ ဖွဲ့က အချက် ၆ ချက် ထုတ်ပြန်ပြီး သတိပေးတောင်းဆိုလိုက်ပါတယ်။

အဲဒီထဲမှာတော့ အကျဉ်းသူတွေအတွက် ထောင်ဝင်စာဧည့်တွေ့ခွင့်‌ပေးဖို့၊ တိုက်ပိတ်ထားမှုကနေ အမြန်ဆုံးထုတ်ပေးဖို့၊ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုပေးဖို့၊ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့၊ ထပ်တိုးစွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းဖို့ ပါဝင်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနအနေနဲ့ အဲ့ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကျဉ်းထောင်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်တဲ့ ပြည်တွင်းပြည် ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.