ကော့သောင်း၊ ဇွန် ၂၆

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဇွန်၂၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်မြေပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက် မနော်ဟရီ ၆ လမ်းနေ ဒေါ်စန်းစန်းအေး နေအိမ်ပေါ် တောင်နံရံကနေ မြေပြိုကျမှုဖြစ်ပွားခဲ့တာပါ။

တောင်မြေပြိုမှုကြောင့် နေအိမ်မီးဖိုချောင်မှာ ရှိနေတဲ့ အသက် ၃၇ နှစ်အရွယ် ဒေါ်စန်းစန်းအေး မြေပိသေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီနောက် မြေပိသေဆုံးသွားတဲ့ ဒေါ်စန်းစန်းအေးအား ဒေသခံတွေက ပြန်လည်တူးဖော်ပြီး ကော့သောင်းပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးခဲ့ပါတယ်။

ကော့သောင်းမြို့ရှိ နေအိမ်အများစုဟာ တောင်နံရံဘေးတွေမှာ ဆောက်လုပ်ထားတာ ဖြစ်ပြီး မိုး သည်းထန်စွာ ရွာသွန်းချိန် တောင်မြေပြိုမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

ဒေသခံတွေအဆိုအရ ကော့သောင်းမြို့နယ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မြေပြိုမှုကြောင့် ရဟန်းသံဃာတွေအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးထားတယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကလည်း ဇွန် ၂၅ ရက်နေ့ကစပြီး တနင်္သာရီတိုင်းနဲ့ မွန် ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးကြီးနိုင်တာကြောင့် တောင်မြေပြိုမှုအန္တရာယ် အထူးသတိရှိကြဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.