တိုကျို၊ ဇွန် ၂၄

ဥရောပသမဂ္ဂ(အီးယူ) က ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်း ကိရိယာများ ပူးတွဲတီထွင်ရေး ရည်ရွယ်ပြီး လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်း နယ်ပယ်မှာ လက်တွဲ ဆောင်ရွက်ဖို့ ကြိုးပမ်းနေကြောင်း အီးယူကော်မရှင် အကြီးတန်းအရာရှိ တစ်ယောက်ကို ကိုးကားပြီး Nikkei သတင်းဌာနက ဇွန် ၂၃ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒီကြိုးပမ်းမှုဟာ အာရှနိုင်ငံတွေနဲ့ အီးယူကြား လုံခြုံရေး၊ ကာကွယ်ရေးတို့နဲ့ ဆက်စပ်တဲ့ ပထမဆုံး လက်တွဲဆောင်ရွက်မှုဖြစ်လာမှာ ဖြစ်တယ်လို့ အဲဒီဂျပန်သတင်းဌာနက အမည်ဖော်ပြမထားတဲ့ အီးယူအရာရှိကို ကိုးကားပြီး ရေးသားထားပါတယ်။

အီးယူက အခုနှစ်ကုန်ပိုင်းမှာ ဂျပန်နဲ့ဝန်ကြီးအဆင့် သဘောတူညီမှု တစ်ရပ်ရရှိရေး ရည်မှန်းထားကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်မှုကြောင့် ဂျပန်နဲ့ဥရောပ ကုမ္ပဏီတွေ စီမံခန့်ခွဲနေတဲ့ အီးယူရန်ပုံငွေ စိုက်ထားတဲ့ စီမံကိန်းတွေအတွက် အထောက်အကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တိုကျိုရှိ တောင်ကိုရီးယားနဲ့ အီးယူ ကိုယ်စားလှယ်တွေ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကတော့ မှတ်ချက်မပေးသေးပါဘူး။

စစ်ပွဲစတင်ဖို့ အားမပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ရှိနေပေမယ့် ဂျပန်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြင်းထန်ရှုပ်ထွေးလှတဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောဆိုထားပါတယ်။

Japan Ground Self-Defense Force (JGSDF) battle tanks take part in a live fire exercise at East Fuji Maneuver Area in Gotemba on May 26, 2024. (Photo by Yuichi YAMAZAKI / AFP)

အာရှအိမ်နီးချင်း တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှု ပိုများလာတာကြောင့် ဂျပန်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ကာကွယ်ရေး နယ်ပယ်မှာ အားဖြည့်မှုတွေ လုပ်ဆောင်ထားပါတယ်။

အဆင့်မြင့် တိုက်လေယာဉ်တစ်မျိုး တီထွင်မယ့် စီမံကိန်း စတင်ရေး ဂျပန်က ဗြိတိန်၊ အီတလီတို့နဲ့ သဘောတူညီမှု တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။

အမေရိကန်-ဂျပန် ကာကွယ်ရေးလုပ်ငန်း နယ်ပယ်မှာ လက်တွဲ ဆောင်ရွက်ရေး အစီအစဉ်အရ တိုကျိုအစိုးရက ဝါရှင်တန်နဲ့ ကာကွယ်ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာအောင် လုပ်ဆောင်ရေး သဘောတူညီမှု တစ်ရပ်ကိုလည်း အခုလအတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးမှုအတွင်း ရေတပ်သင်္ဘောတွေကို ဂျပန်မှာ ပြန်လည်ပြုပြင်ရေး အစီအစဉ်လည်း ပါဝင်ပါတယ်။
ဒီလို လုပ်ဆောင်ပြီးတော့ အမေရိကန်က နေရာလပ်သွားတဲ့ သူတို့ရဲ့ သင်္ဘောကျင်းတွေမှာ သင်္ဘောအသစ်တွေ တည်ဆောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒီနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွင်း တိုက်လေယာဉ်တွေ ပြန်လည် ပြုပြင်မှုနဲ့ ဒုံးကျည်တွေ ထုတ်လုပ်မှုတို့လည်း ပါဝင်လာနိုင်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.