“လက်ရှိ စုဆောင်းခံရတဲ့ အမျိုးသားစစ်သား စစ်မှုထမ်းတွေလိုပါပဲ။ သူတို့ရဲ့ သွားလာခွင့်တွေ နေထိုင်ခွင့်တွေ အကုန်လုံး ကန့်သတ်ပိတ်ပင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်”

– CDM ဗိုလ်ကြီး ညီသုတ

စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ တချို့ဒေသတွေမှာ အမျိုးသမီးတွေကိုလည်း စစ်သင်တန်းတက်ဖို့ ခေါ်ယူစုဆောင်းဖို့ လုပ်ဆောင်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

စစ်မှုထမ်းဥပဒေအရ သာမန်အနေနဲ့ အသက် ၁၈ ကနေ ၂၇ နှစ်အတွင်းနဲ့ ပညာရှင်ဖြစ်ရင် ၃၅ နှစ်အထိ အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် ဆင့်ခေါ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အခုလိုမျိုး ဥပဒေအရလုပ်ဆောင်မယ်လို့ဆိုတဲ့ အမျိုးသမီးစစ်မှုထမ်းတွေကို စစ်ကောင်စီဘက်က ဘယ်လိုမျိုး လေ့ကျင့်သင်ကြားပေးဖို့ ရှိမလဲ။ စစ်မှုထမ်းဖို့ စုဆောင်းခံရမယ့် အမျိုးသမီးတွေအနေနဲ့ စစ်မှုထမ်းကာလအတွင်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်မလဲ။ စစ်မှုထမ်းခြင်းကနေ ရှောင်လွှဲဖို့ ဘာတွေလုပ်ဆောင်သင့်လဲဆိုတာ CDM ဗိုလ်ကြီး ညီသုတနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းကြည့်ထားပါတယ်။

မေး – စစ်မှုထမ်းဥပဒေရဲ့ ကန့်သတ်ပြဌာန်းချက်တွေအရဆို အမျိုးသမီးတွေထဲက ဘယ်လိုလူတွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူစု‌ဆောင်းလာနိုင်မလဲ။

ဖြေ – အမျိုးသမီး စစ်မှုထမ်းတွေ‌ကို ခေါ်တဲ့ ကိစ္စကတော့ အရင်ကတည်းက ရှိပါတယ်။ ဒါပေမယ့် ရုံးဝန်ထမ်းတွေနဲ့တပ်ရင်းတွေရဲ့ နောက်တန်းမှာသုံးတာများတယ်။ အဲဒီတော့ အခုခေါ်မယ့်သူတွေလည်း သင်တန်းရှိမယ်ပေါ့။ သူတို့အနေနဲ့ကတော့ တချို့ကို ရုံးတွေ တချို့ကို တပ်ရင်းတွေမှာ ပြန်အသုံးချဖို့ များပါတယ်။

မေး – ရွေးချယ်ခံရသူတွေကို ဘယ်လိုစစ်ရေးသင်တန်းမျိုးတွေမှာ လေ့ကျင့်တက်ရောက်ခိုင်းနိုင်မလဲ။

ဖြေ – စစ်ရေးသင်တန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ ပုံစံမျိုးစုံရှိပါတယ်။ အခုလက်ရှိ စုဆောင်းခံရတဲ့ အမျိုးသားစစ်သား စစ်မှုထမ်းတွေလိုပါပဲ။ သူတို့ရဲ့ သွားလာခွင့်တွေ နေထိုင်ခွင့်တွေ အကုန်လုံး ကန့်သတ်ပိတ်ပင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။

မေး – အဲဒီသင်တန်းတွေကနေ ဘယ်လိုတပ်တွေမှာ ဘယ်လိုတာဝန်တွေ ပေးအပ်ပြီး အသုံးချလာနိုင်မလဲ။

ဖြေ – နောက်တန်းဌာနချုပ်တွေမှာ သုံးမယ်ဆိုပေမယ့်လည်း အခုအချိန်မှာ စစ်ကောင်စီရဲ့ နောက်တန်းတပ်တွေ ကိုယ်တိုင်က ရှေ့တန်းဖြစ်သွားတယ်။ တနည်းအားဖြင့် ပြောရရင် ရှေ့တန်းမှာ ပြန်အသုံးချခံရမယ့် အလားအလာ ရှိပါတယ်။ သူတို့မှာ စစ်မှုထမ်းဟောင်း ဥပဒေဆိုတာ ရှိပြီးသားမို့ အရင်က ထွက်ပြီးသား သက်ကြီးရွယ်အိုတွေတောင်မှ ပြန်ပြီး ဆင့်ခေါ်နေတာ တွေ့ရပါတယ်။

မေး – စစ်မှုထမ်းအဖြစ် ရွေးချယ်စုဆောင်းခံရတဲ့ အမျိုးသမီးတွေအနေနဲ့ တပ်တွင်းမှာ ဘယ်လိုမျိုး ရင်ဆိုင်ကြုံတွေ့လာရနိုင်ဖွယ်ရှိမလဲ။ (လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ၊ စောင့်ကြည့်ခံရမှုတွေ စသဖြင့်ပေါ့)

ဖြေ – အခုလက်ရှိ စစ်မှုထမ်းနေရတဲ့ သူကလည်း သက်တမ်းမတိုးရဘူး လို့ ပြောလို့မရပါဘူး။ အရင်တုန်းကလည်း ငါးနှစ်စာချုပ်၊ ဆယ်နှစ်စာချုပ်နဲ့ ခေါ်တယ် ပြီးရင် ပေးမထွက်တာမျိုးရှိတယ်။ ဘယ်လောက်အထိလဲဆိုရင် တချို့သော အကြောင်းပြချက်တွေကြောင့် တပ်ထဲက တပ်ပြင်ပေးမထွက်တာမျိုး တပ်ထဲမှာပဲ နေခိုင်းတာမျိုးရှိတယ်။

မိဘအိမ် ပေးမပြန်တာတွေ နောက်ထပ်အခြားသော ကျန်းမာရေးကိစ္စဆိုလည်း သွားချင်တိုင်း သွားလို့မရတဲ့ အခြေအနေမျိုး၊ အခြား သာရေး နာရေးတွေ သွားလို့မရတာမျိုး လူတစ်ယောက်ရဲ့ လူ့အခွင့်အရေး ပိတ်ပင်မှုတွေရှိတယ်။ ခွင့်တွေလည်း ယူလို့မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မေး – ဒီအခြေအနေတွေ ရှိနေတဲ့အပေါ် စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုမျိုး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သင့်လဲ။

ဖြေ – စစ်မှုထမ်း အသက်အရွယ်နဲ့ အကျုံးဝင်နေကြတဲ့ အမျိုးသမီးတွေ အတွက် ကာကွယ်မှုကတော့ တစ်ဦးချင်းစီအတွက်ပေါ့။ အဓိကက စစ်မှုထမ်းရမယ့်အထဲ ပါမသွားဖို့ပဲ အဲဒီအတွက်တော့ ပုံစံမျိုးစုံနဲ့ ရှောင်တိမ်းကြရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အထဲမှာ အမျိုးသားစစ်သည် လုံခြုံရေးတွေအများကြီးပါ။ တချို့သော စစ်ဌာနချုပ်တွေမှာဆိုရင် ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသမီးမဟုတ်တဲ့ အမျိုးသမီးတွေ၊ စစ်သည်တွေရဲ့ ဇနီးမယားတွေပေါ့။ အဲဒီအမျိုးသမီးတွေကိုတောင် ယူနီဖောင်းဝတ်ခိုင်းပြီး အရံအင်အားအဖြစ် လေ့ကျင့်ရေး အရံအင်အားအဖြစ် ထားနေတာမျိုး ရှိပါတယ်။ ဒီလို အထားခံရတဲ့သူတွေကို ဆိုရင် မလွဲမသွေ အသုံးပြုမှာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.