ကျိုက်မရော၊ ဇွန် ၂၅

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးဖို့ အကြိမ်ကြိမ်သွားရောက် တင်ပြတောင်းဆိုထားပေမယ့် စစ်ကောင်စီတပ်က ရွာထဲပေးမဝင်ကြောင့် နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသ ခံတွေ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရပါတယ်။

ချောင်းနှစ်ခွဒေသကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒေသခံတွေကိုတော့ ရှစ်လကျော်ကြာတဲ့အထိ နေရပ်ပြန်လည် နေထိုင်ခွင့်မပေးသလို ပြန် လာတဲ့သူတွေကို ပစ်ခတ်တာတွေ ရှိနေပါတယ်။

နေရပ်ပြန်လည်နေထိုင်ခွင့်ပေးဖို့ ဒေသခံတွေက ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့တွေထံ ၇ ကြိမ်ထက်မနည်း သွားရောက်တောင်းဆိုထားပေမယ့် လက်ရှိအချိန် တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာမရှိဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ချောင်းနှစ်ခွဒေသအတွင်း မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ဒေ သခံတွေကို နေရပ်ပြန်ခွင့် မပေးတာလို့ အကြောင်းပြပြီး ရွာထဲမှာ ကျန်ရှိတဲ့ ဒေသခံနေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူတာတွေ ဆက်တိုက်ကျုူးလွန်နေတယ်လို့ ဆိုပါတယ်။

ချောင်းနှစ်ခွစစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက် ရှည်ကြာလာတာနဲ့အမျှ မိသားစုစားဝတ် နေရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပြီး ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်ကအစ ဆုံးရှုံးနေရပါတယ်။

နေရပ်ပြန်လာခွင့် မရသေးတဲ့ ချောင်းနှစ်ခွစစ်ရှောင်ပြည်သူ ၂၀၀၀ ကျော်ဟာ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့ပေါ်တွေက အသိမိတ်ဆွေ၊ ဆွေမျိုးနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲအတွင်း ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်းအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဘက်က ဖောက်ထွင်းခိုးယူတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်း ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.