မော်လမြိုင် ၊ ဇွန် ၂၅

စစ်ကောင်စီ ပိတ်ပင်ထားတဲ့ လူမှုကွန်ရက် Facebook အသုံးပြုနိုင်ဖို့ တစ်ဆင့်ခံသုံးရတဲ့ Virtual Private Network ခေါ် VPN ကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့ မှာ ငွေညှစ်ခံရတာတွေ ရှိနေတယ်လို့ မြို့ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်‌ကောင်စီ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့အတွင်း လူစည်ကားရာ နေရာတွေ စစ်ဆေ‌ရေးဂိတ်တွေ မြို့ အဝင်အထွက် နေရာတွေမှာ စစ်တပ်၊ ရဲ၊ အခြားဝန်ထမ်းတွေနဲ့ ယာဉ်ထိန်းရဲတွေ ပူးပေါင်းပြီး လူငယ်လူရွယ်တွေရဲ့ မိုဘိုင်းဖုန်းတွေကို အဓိကထားစစ်ဆေးနေတာပါ။

မော်လမြိုင်မြို့ခံတစ်ဦးက ဆိုင်ကယ်လိုင်စစ်ဆေးတဲ့ ပုံစံမျိုးနဲ့ ဆိုင်ကယ်မောင်းနှင်လာသူတွေရဲ့ အသက်အရွယ်ကိုကြည့်ပြီး ဖုန်းစစ်ဆေးကာ VPN တစ်ခုမိရင် ကျပ်ငွေ တစ်သိန်းတောင်းတယ်လို့ ပြောပြပါတယ်။

“ အခုက လိုင်စင်အပြည့်အစုံရှိတယ်။ ဦးထုပ်ဆောင်းထားလည်းပဲ သူတို့ကလူအရွယ်ကြည့်ပြီး ခေါ်တယ်။ ခေါ်ပြီးဖုန်းပါလား ဖုန်းခဏပေး။ အဲဒီလို ဖုန်းတောင်းပြီးစစ်တယ်။ VPN က တစ်ခုမိရင် တစ်သိန်းတောင်းတယ်၊ ဖုန်းထဲမှာ VPN ဆော့ဝဲတစ်ခုရှိရင် တစ်သိန်းတောင်းတယ်။ နှစ်ခုရှိရင် နှစ်သိန်းတောင်းတယ်။ တချို့ကလည်း ဟိုဟာမရဒါမရနဲ့ VPN သုံး၊ လေးခုထည့်ထားတဲ့သူဆို ဂွမ်းတာပေါ့။ သုံးခုဆိုသုံးသိန်း၊ အဲဒီလိုမျိုး”လို့ ဆိုပါ တယ်။

စစ်ဆေးခံရသူတွေဘက်က မိမိဖုန်းထဲမှာ ထည့်ထားတဲ့ VPN ဆော့ဝဲ ကို စစ်ကောင်စီလက် အောက်ခံတွေ ရှေ့ မှာတင် ဖျက်ပစ်ရပြီး ငွေကြေးပေးဆောင်ရမှုအတွက် ဘာဖြတ်ပိုင်းအထောက် အထားမှ မရရှိဘူးလို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook လူမှုကွန်ရက်ကို အာဏာသိမ်းပြီးချိန်ကတည်း က ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတွေနဲ့ အင်တာနက်ကွန်ရက် ကုမ္ပဏီတွေကို စစ်ကောင် စီက ဖိအားပေးပြီး ပိတ်သိမ်းခိုင်းခဲ့တာပါ။

အဲဒီနောက်ပိုင်း ပြည်တွင်းနေထိုင်သူတွေဟာ သတင်းစီးဆင်းမှုနဲ့ သတင်းအချက်အလက်သိပိုင်ခွင့်အတွက် Facebook လူမှုကွန်ရက်ကို VPN နဲ့ တစ်ဆင့်ခံပြီး အသုံးပြုနေရတာ သုံးနှစ်ကျော်ပါပြီ။

ဒါပေမယ့် စစ်ကောင်စီက ပြည်တွင်းနေ ပြည်သူတွေ Facebook လူမှုကွန်ရက်ကို ဆက်လက်အ သုံးပြုလို့မရနိုင်အောင် ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့က စတင်ပြီး VPN တွေကို Secure Web Gateway SWG နဲ့ ဖွင့်ပြီး တရုတ်နည်းပညာအကူအညီနဲ့ တားဆီးပိတ်ပင်ခဲ့ပါတယ်။

အဲဒီလိုမျိုး ပိတ်ပင်ရာမှာ အခမဲ့အသုံးပြုနေကြတဲ့ VPN ဆော့ဝဲတွေအပြင် အခကြေးငွေပေးပြီး ဝယ်ယူအသုံးပြုရတဲ့ VPN တွေအားလုံးကိုလည်း စစ်ကောင်စီက ဆက်တိုက်ဆိုသလို ပိတ်ဆို့ ဖြတ်တောက်နေတာပါ။

ဒါပေမယ့် စစ်ကောင်စီဘက်က VPN တွေကို တားဆီးပိတ်ပင်နေပေမယ့် လက်ရှိအချိန်အထိ မြန် မာနိုင်ငံမှာ VPN တွေကို ဆက်လက်အသုံးပြုလို့ ရနေသေးတာကြောင့် မိုဘိုင်းဖုန်းတွေမှာ VPN ဆော့ဝဲအသုံးပြုနေကြသူတွေကို ဇွန်လဆန်းကစပြီး စစ်ဆေးမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

နောက်ထပ် မော်လမြိုင်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ စစ်ဆေးရေးအချိန်တွေမှာ ဖြတ်သန်းသွားလာနေကြတဲ့ လူငယ်တွေကို အဓိကထားပြီး ဖုန်းစစ်ရင်း VPN တွေ့ရင် ငွေညှစ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိက သူတို့ (စကစအဖွဲ့ဝင်တွေ) စစ်ဆေးရေးအချိန်တွေမှာ စစ်ရင်းနဲ့ အမှန်က VPN က မစစ်လည်း ရတဲ့ကိစ္စကို လူငယ်တွေကို အဓိကထားလိုက်တာပေါ့။ လူငယ်တွေရဲ့ ဖုန်းတွေမှာ ပုံမှန်သူတို့ သိပ်မသင်္ကာ တာတွေ တွေ့ရင်စစ်ဆေးမယ်။ အဲဒီကောင် VPN တွေ့မယ်ဆိုရင် သူတို့ ငွေညှစ်ချင်တာပေါ့၊ ငွေညှစ်လိုက်တာ အဲဒီလိုမျိုး သဘောဖြစ်သွားတာ‌ပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ လူမှုဆိုရှယ်မီဒီယာတွေကနေ သတင်းအမှောင်ချဖို့နဲ့ ဝါဒဖြန့်ချိရေးလှုံ့ဆော်မှုတွေမှာ ဆက်တိုက်အရှုံးနဲ့ရင်ဆိုင်နေရတဲ့အတွက် Facebo ok ကို အပြည့်အဝပိတ်ပင်နိုင်ဖို့ VPN အသုံးပြုမှုကို ဖြတ်တောက်ကြိုးပမ်းနေတာပါ။

ဒါကြောင့် ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ VPN နည်းပညာ ဒါမှမဟုတ် အလားတူ နည်းပညာအသုံး ပြုခဲ့ရင် ထောင်ဒဏ်တစ်နှစ်ကနေ သုံးနှစ်ဖြစ်စေ ကျပ်သိန်းငါးဆယ်ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ဖို့ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.