မနီလာ၊ ဇွန် ၂၄

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖိလစ်ပိုင် ရေတပ်အမှုထမ်း တစ်ယောက် ထိခိုက် ဒဏ်ရာရကာ ရေတပ်သင်္ဘော နှစ်စီး ထိခိုက် ပျက်ဆီးခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတက မိမိတို့အနေနဲ့ ဘယ်နိုင်ငံခြား အင်အားကြီးနိုင်ငံကိုမှ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖိလစ်ပိုင်အနေနဲ့ စစ်ပွဲကိုစတင်မှာ မဟုတ်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားထားပါတယ်။

နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေအောက်သောင်ပြင်မှာ ချထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ ကြိုးပမ်းတဲ့ ရေတပ်သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်က ပုဆိန်တွေ၊ တူတွေ ဓားတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဖိလစ်ပိုင် ရေတပ်သား အချို့ထိခိုက်ခဲ့ပြီး သင်္ဘောအနည်းဆုံး နှစ်စီး ပျက်စီးခဲ့ရပါတယ်။

သမ္မတ မားကို့စ်က သူ့ရဲ့ ထိပ်တန်းဗိုလ်ချုပ် နှစ်ဦး၊ ကာကွယ်ရေး အကြီးအကဲတို့နဲ့အတူ တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ အနောက်ပိုင်းကျွန်း ပြည်နယ်ဖြစ်တဲ့ ပါလာဝန်သို့ သွားရောက်ပြီး တိုက်ခိုက်ခံခဲ့ရတဲ့ ရေတပ်တပ်ဖွဲ့ဝင်တွေကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။

ဗီဒီယိုတွေ ဓာတ်ပုံတွေမှာတော့ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေက ဖိလစ်ပိုင် ရေတပ်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာ မြင်တွေ့ရပါတယ်။

မိမိတို့ ပိုင်နက်ထဲကို မဝင်ရောက်ဖို့ သတိပေးထားပေမယ့် ဂရုမစိုက်ဘဲ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင် ရေတပ်တပ်ဖွဲ့ဝင်တွေကို ကမ်းခြေစောင့်တပ်က တားဆီးခဲ့တာ ဖြစ်တယ်လို့ ဘေဂျင်းအစိုးရက ပြောပါတယ်။

ဒီလို အကြမ်းဖက်မှုအပေါ် အမေရိကန်၊ အီးယူ၊ သြစတြေးလျ၊ ဂျပန်၊ အခြား ဥရောပနဲ့ အာရှနိုင်ငံတွေက ပြစ်တင် ရှုတ်ချထားပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကတော့ ဒီလိုထိပ်တိုက်တွေ့မှုအတွက် အချင်းချင်း အပြန်အလှန် အပြစ်တင်နေကြပါတယ်။

မိမိတို့ အစိုးရအနေနဲ့ အမေရိကန်နဲ့နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုကို ပယ်ဖျက်သွားမယ့် အစီအစဉ်မရှိဘူးလို့ သမ္မတ မားကို့စ်ရဲ့ ထိပ်တန်းအကြံပေး အရာရှိက ပြောကြားထားပါတယ်။

မိမိတို့ အနေနဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုပြီး စစ်ပွဲ စတင်ဖို့ အစီအစဉ်မရှိဘူးလို့ သမ္မတ မားကို့စ်က ပြောပါတယ်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က သူတို့ အပိုင်ဖြစ်တယ်လို့ ပြောဆိုထားပြီး ဒီပြောဆိုမှုဟာ တရားဥပဒေနဲ့ မကိုက်ညီဘူးလို့ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ဆုံးဖြတ်ခဲ့ပေမယ့် တရုတ်က ဂရုမစိုက်ခဲ့ပါဘူး။

သမ္မတ မားကို့စ်ကတော့ ဖိလစ်ပိုင်နယ်နိမိတ်မှာ တစ်လက်မကိုမှ ထိပါးခံမှာ မဟုတ်ဘူးလို့ ကြွေးကြော်ထားပါတယ်။

အရင်က တောင်တရုတ်ပင်လယ်အတွင်း ထိပ်တိုက် တွေ့ဆုံမှုတစ်ခုမှာ အင်ဒိုနီးရှားရေတပ်က တရုတ်ငါးဖမ်းလှေတွေကို ပစ်ခတ်တဲ့ အထိ ဖြစ်ပွားခဲ့ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.