ကော့သောင်း၊ ဇွန် ၂၄

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းကုန်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက် မနက် ၅ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတဲ့ အဲဒီရဲစခန်းကုန်းကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရဲတပ်သားတစ်ဦး သေဆုံးပြီး ရဲတပ်ကြပ်ကြီးတစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ရဲဘော်တစ်ဦးဟာ ရဲစခန်းဂိတ်တံခါးကို တက်ဖွင့်တဲ့အချိန် စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီဘက်က ရဲစခန်းကုန်းကို ခံစစ်အခိုင်အမာ ပြင်ဆင်ထားတာ၊ လက်နက်ခဲယမ်း မလုံလောက်တာနဲ့ လက်နက်အင်အား မမျှတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ မာရမ်းကျေးရွာမှာ လာရောက် အထိုင်ချတပ်စွဲတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မာရမ်းရဲစခန်းကုန်း တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံထံ ထွက်ပြေးခိုလှုံခဲ့ရပြီး ညနေပိုင်းမှာ ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ကလည်း ခမောက်ကြီးမြို့နယ် နမ္မတွန်ဒေသ ပါကလပ်နယ်မြေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.