ကော့ကရိတ်၊ ဇွန် ၂၄

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်မှုမှာ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတပ်စခန်းဟာ စုကလိမြို့အခြေစိုက် အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက ဗိုလ်မှူးကြီး ဝဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တာ ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က လက်နက်ချဖို့ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကနေ မတ် ၃၀ ရက်နေ့အထိ စာနဲ့အသိပေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်နက်ချအညံ့ခံတာ မရှိတဲ့အတွက် KNLA ၊ KNDO ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ကနေ ဇွန် ၁၆ ရက်နေ့အထိ စိတ်ဓာတ်ရေးရာနဲ့ ခွန်အားတွေ ပျက်ပြားစေဖို့ စနိုက်ပါ၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနောက် ဇွန် ၁၇ ရက်နေ့မှာ စုကလိတပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၁ ရက်နေ့မှာ စခန်းတစ်ခုလုံးကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၁၄ ဦး ထွက်ပြေးလွတ်မြောက်သွားကာ စစ်သုံ့ပန်းအဖြစ် ဗိုလ်မှူးကြီး ဝဏ္ဏတိုးအပါအဝင် ၂၁ ဦး ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စုကလိတပ်စခန်းသိမ်းပိုက်မှုမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.