မော်လမြိုင် ၊ ဇွန် ၂၃

ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့တွေမှာ လူဦး ရေသန်းခေါင်စာရင်းဆိုင်ရာ ဆိုင်းဘုတ်စိုက်ထူတာနဲ့ အသိညာပေးလက်ကမ်းစာစောင်ဖြန့်ဝေမှုတွေကို စတင်လှုပ်ရှားလာပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဇွန် ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်အပါအဝင် ဧ ရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ တနင်္သာရီ၊ ရှမ်းနဲ့ မွန်ပြည်နယ်တို့မှာ သန်းခေါင်စာရင်းပိုစ တာစိုက်ထူပွဲကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေနေတာပါ။

အဲဒီထဲက ဧရာဝတီ၊ ရန်ကုန်နဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့ မြို့ နယ် ၁၀ ခုကျော်ကနေ ၁၅ ခုအထက် ပါ ဝင်ပြီး မန္တလေးက မြို့ နယ် ၅ ခုထက်နည်း၊ မကွေးနဲ့ မွန်က မြို့ နယ် ၂ ခုစီ၊ တနင်္သာရီနဲ့ ပဲခူးမှာတော့ မြို့နယ်တစ်ခုစီသာ လုပ်ဆောင်နိုင်‌သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်လွှတ်ထားရတဲ့ ဒေသတွေအပါအဝင် စစ်ရေးလှုပ်ရှားအားကောင်းတဲ့ စစ်ကိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ရှမ်းမြောက်နဲ့ ကရင်ဒေသတွေမှာတော့ သန်းခေါင်းစာရင်းဆိုင်ရာ လှုပ်ရှားမှုတွေတစ်ခုမှ မတွေ့ရသေးပါဘူး။

ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းမှာတော့ စစ်ကောင်စီ စိုးမိုးထားတဲ့ မြို့ ပေါ်တွေမှာတောင် အကုန်လုံး ကောက်ယူနိုင်မှာ မဟုတ်တဲ့အတွက် ကျေးလက်တွေဆိုရင် လုံးဝကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့စိုးမိုးတဲ့ မြို့ပေါ်တောင် အကုန်လုံးကောက်နိုင်မှာ မဟုတ်တာ။ ကျေးလက်တွေမှာဆိုရင်တော့ လုံးဝကောက်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ဆို သူတို့လာနိုင်တယ်ထားပါဦး။ စစ်ကြောင်းထိုးရင်းနဲ့ဖြစ် ဖြစ်၊ သူတို့ စစ်ကြောင်းအားကိုးပြီး သန်းခေါင်စာရင်းကောက်ဖို့ လာတယ်ဆိုရင် ကျွန်မတို့ကျေး လက်ပြည်သူတွေက သူတို့လာရင်ပြေးတာ၊ စစ်ရှောင်ကြတာ။ အဲဒါဆိုတော့ သူတို့ဘယ်သွားကောက်မှာတုန်း။ ကျွန်မတို့ ကျေးလက်ကို လာမယ်ဆို အိမ်အလွတ်ပဲ ကျန်ခဲ့မှာပေါ့။ အဲဒါကြောင့် ဒါကမြေပြင်မှာ လုံးဝမဖြစ်နိုင်တဲ့အရာလို့ မြင်တယ်”လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုတော့ လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ စစ်ကောင်စီဘက်က မကြာခဏ ထုတ်ဖော်ပြောဆိုထားတာပါ။

သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွေထဲက စာရင်းကောက်ယူခြင်းမှာတော့ ကွန်ပျူတာအထောက် အ ကူပြု လူတစ်ဦးချင်း ကောက်ယူတဲ့စနစ်ကို အသုံးပြုပြီး တစ်အိမ်တက်တစ်အိမ်ဆင်း Mobile Tablet တွေနဲ့ ကောက်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီ စိုးမိုးနယ်မြေများစွာ ထိန်းချုပ်ထားနိုင်တဲ့ မွန်ပြည်နယ်မှာတော့ သန်းခေါင်စာရင်းဆိုင် ရာ ဆိုင်းဘုတ်စိုက်ထူတာနဲ့ အသိပညာပေးစာစောင်တွေကို ဇွန် ၁၉ နဲ့ ၂၁ ရက်နေ့တို့မှာ မော်လမြိုင်နဲ့ မုဒုံမြို့ပေါ် လောက်သာ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းပြီး တစ်ခုတည်းသော စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ရေးမြို့ နယ်မှာတော့ သန်းခေါင်းစာရင်းဆိုင်ရာ လှုပ်ရှားမှုတွေ မတွေ့သေးဘူးလို့ မြို့ ခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

“ရေးမှာတော့ ဘာမှလှုပ်ရှားမှုမရှိဘူး။ သန်းခေါင်စာရင်းကောက်တာတို့ ဘာတို့ညာတို့ မရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လုပ်လို့လဲ မရဘူးလေ။ လုပ်လို့မရဘူးဆိုတော့ မလုပ်လို့ ဖြစ်မှာပေါ့။ (လူဦးရေသန်းဆိုင်စာရင်းဆိုင်ရာ ပိုစတာ) အဲဒီလိုထူထားတာလည်း မရှိဘူး။ နှိုးဆော်စာတွေ ဘာတွေ ဖြန့်ထားတာလည်းမရှိဘူး၊ ကျွန်တော်တို့ လက်လှမ်းမီသလောက် မသိရဘူးပေါ့”လို့ ဆိုပါတယ်။

အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကြောင့် စစ်မျက်နှာများစွာ ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်စခန်းနယ်မြေများစွာ လက်လွှတ်ထားရတဲ့အတွက် မြို့ ပေါင်း ၆၀ ကို အလုံးစုံဆုံးရှုံးထားရတာပါ။

တစ်ဘက်မှာလည်း ကချင်၊ချင်း၊ ရခိုင်၊ ကရင်နဲ့ တနင်္သာရီ‌ဒေသတွေမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့Local PDF တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်ကတော့ လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး အဲဒီအတွက် လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် အောက်တိုဘာအတွင်း ကောက်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဇွန် ၁၅ ရက်နေ့မှာ ထုတ်ပြောထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီအနေနဲ့ မြို့နယ်ပေါင်း ၂၀၀ လောက်မှာ ဆက်လက်လှုပ်ရှားနိုင်တဲ့ အခြေအနေရှိတာကြောင့် ရွေးကောက်ပွဲပြင်ဆင်မှုတွေ သန်းခေါင်စာရင်းကောက်ယူတာတွေကို လုပ်လာနိုင်ပေမယ့် အကန့်အသတ်ရှိတယ်လို့ ထောက်ပြပါတယ်။

“အခုလက်ရှိအနေအထားတိုင်းဆိုရင် မြို့ နယ်ပေါင်း ၂၀၀ လောက်မှာတော့ ဆက်လက်လှုပ်ရှားနိုင်တဲ့ အခြေအနေရှိပါတယ်။ အဲဒါကြောင့် သူကတော့ သူ့နိုင်ငံရေးထွက်‌ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပရေးအတွက် သန်းခေါင်စာရင်းကောက်တာ၊ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်တာ စတာတွေ မြို့တွေ ၂၀၀ လောက်မှာ သူကတော့ လုပ်ပါလိမ့်မယ်။ အဲဒီတော့ ခက်တာက ရွေးကောက်ပွဲပါဝင်မယ့် နိုင်ငံရေးပါတီတွေနဲ့ ဒေသအလိုက် စည်းရုံးလှုံ့ဆော်မှုတွေ ဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်လောက်လုပ်နိုင်မလဲဆိုတာ အကန့်အသတ်တော့ ရှိပါတယ်”လို့ ဆိုပါတယ်။

မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအနေနဲ့ ရွေး‌ကောက်ပွဲကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းတွေ အောင်မြင်စွာ ကောက်ယူနိုင်ဖို့ ပြည်လုံးကျွတ်သန်းခေါင် စာ ရင်း ကောက်ယူမယ်လို့ စစ်ခေါင်းဆောင်က အခုနှစ်ဆန်းပိုင်းကတည်းက ထုတ်ပြောထားတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုကို တိုင်းနဲ့ ပြည်နယ်တွေရဲ့ မြို့ နယ် ၂၀ ကို ရွေးချယ်သတ်မှတ်ခဲ့ပြီး စုစုပေါင်း ကောက်ကွက် ၁၀၀ နဲ့ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းရှိ လူဦးရေ သုံးသန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက် ပြေးနေရတယ်လို့ UNOCHA ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.