ဒါကာ၊ ဇွန် ၂၂

မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထဲကို ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်းက ဇွန် ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မိမိတို့နိုင်ငံထဲကို ပစ်ခတ်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ များစွာစိုးရိမ်မိတယ်ဆိုတာ မြန်မာစစ်တပ်နဲ့ AA တို့ကို အလေးအနက် သတိပေးထားပြီး ဖြစ်တယ်လို့လည်း ဝန်ကြီး ခန်းက ပြောပါတယ်။

ပစ်ခတ်မှုတွေ မရပ်တန့်ဘူးဆိုရင် မိမိတို့အနေနဲ့ တုံ့ပြန်မှာဖြစ်ပြီး မိမိတို့ တိုက်ခိုက်ခံရရင် အဲဒီတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မယ်လို့ ဝန်ကြီး ခန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းရေးပြဿနာ အချို့ ရှိနေသလို မတူညီတဲ့ တိုင်းရင်းသား အုပ်စုတွေလည်း ရှိနေပြီး သူတို့ကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ ဝန်ကြီး ခန်းက ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသတော်တော်များများ ကို AA က သိမ်းပိုက်ထားတယ်လို့ မိမိတို့ကြားသိထားပြီး မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေး ဝင်ရောက်လာကြတယ်လို့ ဝန်ကြီးကပြောပါတယ်။

တစ်ခါတရံမှာ မြန်မာစစ်တပ်နဲ့ AA တို့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို မှားယွင်းပစ်ခတ်လေ့ရှိကြောင်းလည်း ဝန်ကြီးက ဖြည့်စွက် ပြောပါတယ်။

မိမိတို့ သင်္ဘောတွေမှာ ဘင်္ဂလားဒေ့ရှ်အလံကို ထင်ထင်ရှားရှား စိုက်ထူထားရင် ဘယ်သူကမှ မပစ်ခတ်ရဘူးလို့လည်း သူကပြောပါတယ်။

တီခနတ်ဒေသကနေ စိန့်မာတင်ကျွန်းသို့ ရေယာဉ်တွေနဲ့ သွားလာရာမှာ နတ်မြစ်ရဲ့ အချို့နေရာမှာ သွားလာရခက်ခဲတာကြောင့် စိန်ခေါ်မှုတွေ ရှိနေကြောင်းလည်း ဝန်ကြီးခန်းက ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အနေနဲ့ မြန်မာ့ရေပြင်ထဲ ဝင်ရောက် သွားလာရတာကြောင့် မြန်မာစစ်တပ် ဒါမှမဟုတ် AA က ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သူက ပြောဆိုပါတယ်။

လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ချ် သင်္ဘောတွေကို မြန်မာဘက်ကပစ်ခတ်တာမျိုး မရှိတော့တဲ့အကြောင်း၊ မြန်မာဘက်အခြမ်းက နတ်မြစ်မှာ ချထားတဲ့ သင်္ဘောနှစ်စီးကိုလည်း ပြန်လည်ခေါ်ယူထားပြီး ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

နောက်ထပ် ပစ်ခတ်မှုတွေ မရှိလာစေဖို့ မိမိတို့ မျှော်လင့်ပေမယ့် အဲဒီဒေသတွေကို ဖြတ်သန်းသွားမယ့်သူတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းလိုကြောင်း ဘင်္ဂလားဒေ့ချ် ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Ref: BSS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.