နေပြည်တော် ၊ ဇွန် ၂၃

နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေချိန် ပြည်ပခရီးသွား ဝင်ရောက်မှု ၆၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။

ဇွန်၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အခုလိုပြောဆိုခဲ့တာပါ။

ပြည်ပခရီးသွား ဝင်ရောက်မှုအရ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း ၃သိန်း ၁သောင်းကျော်ရှိခဲ့ပြီး အခုနှစ်ကာလတူမှာ ၅ သိန်း ၂ သောင်းနီးပါး ဝင်ရောက်ခဲ့တဲ့အတွက် ပြည်ပခရီးသွားဝင်ရောက်မှု ၆၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ပခရီးသွားဝင်ရောက်မှု တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရလက်ထက် ကိုဗစ်မတိုင်မီ ဝင်ရောက်ခဲ့တဲ့ ခရီးသွားအရေအတွက်ကို ပြန် လည်ပြည့်မီအောင် အဘက်ဘက်မှ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုခဲ့တာပါ။

ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးကတော့ ပြည်ပခရီးသွားဝင်ရောက်မှုဟာ မွန်နဲ့ကရင်ပြည်နယ်ဘက်မှာ လုံးဝမရှိသလို ပုဂံနဲ့မန္တလေးဘက်မှာ ဝင်ရောက်မှု အနည်းငယ်ရှိပေမယ့် အခုဖော်ပြထားတဲ့ အရေအတွက်ဟာ မြေပြင်အချက်အလက်နဲ့ အများကြီးတိုးထားတာ ဖြစ်နိုင်တယ်လို့ ဝေဖန်ပါတယ်။

“ကျွန်တော်တို့ မွန်နဲ့ကရင်ကို အမြဲပတ်နေတယ်ဆိုတော့ ဒီဘက်ခြမ်းတော့ ဝင်လာတာ မရှိဘူးပေါ့နော်။ မရှိဘူးဆိုတဲ့သဘောက ကျွန်တော်တို့မှာ ဧည့်သည်မရှိဘူး။ ကျန်တဲ့ဂိုက်တွေလည်း ဘယ်သူမှ ခရီးသွားကဏ္ဍမှာလည်း ဧည့်သည်တွေမရဘူး။ ဒါပေမယ့် ကျွန်တော်စုံစမ်းကြည့်ရသလောက် ပုဂံဘက်ကို နည်းနည်းဝင်တယ်။ မန္တလေးဘက်မှာရှိတယ်။ ဒီမွန်နဲ့ ကရင်ဘက်မှာ လုံးဝမရှိတာပေါ့။ အဝင်မရှိဘူးဆိုတာက ကန့်သတ်ချက်တွေက အများကြီးရှိတော့ ခွင့်ပြုချက်တောင်းရတာတို့ ဘာတို့ပေါ့နော်။ ကုမ္ပဏီက လုံးဝရပ်ထားရတဲ့ သဘောဖြစ်နေတယ်။ ဒါပေမယ့် သူတို့ဖော်ပြတဲ့ ပမာဏအနေနဲ့ဆိုတော့ ကျွန်တော်တို့အမြင်ဆိုရင် များတာပေါ့နော်။ အများကြီး သူတို့တင်ထားတဲ့ သဘောကိုပေါ်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကာလဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သွားလာလည်ပတ်တဲ့နေ ရာမှာ အခက်အခဲအများကြီးရှိတဲ့အတွက် ပြည်ပခရီးသွား အခုလိုအများကြီး ဝင်ရောက်လာမှု မရှိနိုင်သလို စစ်ကောင်စီရဲ့ အချက်အလက်တွေက လက်တွေ့မကျဘူးလို့ သူကဆက်ပြောပါတယ်။

ခရီးသွားဧည့်လမ်းညွန်တစ်ဦးကလည်း ခရီးသွားကဏ္ဍဟာ ကိုဗစ်ကာလကတည်းက ရပ်တန့်နေပြီး စစ်ကောင်စီလက်ထက်မှာလည်း လုံးဝရပ်တန့်သွားခဲ့သလို နိုင်ငံခြားသားဝင်ရောက်မှု မရှိတဲ့အ တွက် ဟိုတယ်၊ ယာဉ်လိုင်းတွေအပြင် ဧည့်လမ်းညွန်တွေပါ အလုပ်တွေ ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။

“ကိုဗစ်ကနေ စတာပေါ့နော်။ ကိုဗစ်မှာထဲက ကျွန်တော်တို့က ခရီးသွားကဏ္ဍမှာထဲက ဂိုက်တွေအများစု ရပ်သွားတယ်။ ဟိုတယ်တွေရပ်တယ်။ အဲဒီဟိုတယ်ရဲ့ ပတ်သက်တဲ့ဟာ တစ်ခုလုံးထိတယ်။ ကိုဗစ်ပြီးတော့ ဒီဘက်ခေတ် သူတို့တပ်မတော်အစိုးရ လက်ထက်ခေတ်မှာလည်း ဒီလိုပဲအားလုံးရပ်တယ်။ ဟိုတယ်ပိုင်းကျတော့လည်း ရာသီလေးရှိတယ်။ သီတင်းကျွတ်လိုဟာမျိုးဆိုရင် ပြည်တွင်းကသူတွေပဲ မျှော်နေရတယ်။ ဆိုတော့ ဟိုတယ်တွေလည်း ထိတယ်။ ကားလိုင်းတွေလည်း ထိတယ်။ အဆိုးဆုံး ကျွန်တော်တို့ကတော့ လုံးဝအလုပ်ပါ ရပ်သွားတယ်။ ကျွန်တော်တို့ဆိုရင် လုံးဝအလုပ်တွေပါ ပြောင်းလိုက်ရတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေ၊ ဧည့်စာရင်းတိုင်ကြားရတာတွေ၊ လုံခြုံရေးအကြောင်း ပြချက်နဲ့ နေရာအနှံ့အပြား စစ်ဆေးနေတာတွေအပြင် လုံခြုံမှုမရှိတာကြောင့် ခရီးသွားလာရာမှာ လွတ်လပ်မှု မရှိတဲ့အတွက် ပြည်ပခရီးသွား ဝင်ရောက်မှုမရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်များပြားလာစေဖို့အတွက် ဈေးကွက်ရှာ ဖွေမြှင့်တင်ရေး နည်းလမ်းကောင်းတွေရှာဖွေဖို့ ဒီဂျစ်တယ်နည်းပညာနဲ့ ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာ အသုံးချဖို့ ပြောဆိုနေပေမယ့် လက်ရှိမှာတော့ လူမှုကွန်ရက် Facebook အသုံးပြုမှုတွေကအစ ပိတ်ပင်ထားတာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက မြန် မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအနေနဲ့ ဦးစားပေးသွားလာသင့်တဲ့ နေရာဆိုပြီး ငပလီ၊ ကျောက်ဖြူ၊ မာန်အောင် အပါအဝင်ဒေသ ၁၄ ခု သတ်မှတ်ပေးထားပေမယ့် လက်ရှိမှာတော့ အဲဒီဒေသတချို့မှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေနဲ့ ၂၀၂၂ ခုနှစ်က ၂ သိန်း ၃ သောင်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၁ ဒသမ ၂၈ သန်း ရှိခဲ့တယ်လို့ စစ် ကောင်စီဘက်က ပြောဆိုနေပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.