ရေဖြူ၊ ဇွန် ၂၃

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောကျေးရွာကို စစ်ကောင်စီဘက်က တပ်အင်အားရာနဲ့ချီ ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲပြင်းထန်နေတဲ့ မျောက်ချောရွာမှာ နဂိုရှိနေတဲ့ စစ်ကောင်စီအင်အားတွေအပြင် အခုအခါရေကြောင်းနဲ့ ကြည်းကြောင်းကနေ တပ်အင်အား ၃၀၀ ကျော် ထပ်မံဖြည့် တင်းထားတဲ့အတွက် စုစုပေါင်းအင်အား ၅၀၀ ကျော်အထိ ရှိလာခဲ့တာပါ။

အခုလို တပ်အင်အားဖြည့်တင်းမှုဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူတွေ အများအပြားရှိတာကြောင့် ရေ ကြောင်း၊ ကြည်းကြောင်းတွေကနေ တပ်အင်အား ထပ်မံဖြည့်တင်းလာတာပါ။

စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်နေပေမယ့် ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမယ့် စစ်ရေးဆက်လက်တင်းမာနေတယ်လို့ နိုင်နဂါးက ပြောပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ အင်အားဖြည့်တင်းမှုဟာ တိုက်ပွဲဖြစ်နေတဲ့ဧရိယာအတွင်း စစ်တပ်ကနေ လုပ်နေတဲ့ ရွှေလုပ်ကွက်တွေနဲ့ ထိုင်းဖက်စပ်လုပ်ကိုင်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို တော်လှန်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်လိုက်မှာ စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ နေရာအနီးပတ်ဝန်းကျင်ဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ပါဝင်နေတဲ့အတွက် မွန်ပြည်သစ်ပါတီဘက်ကလည်း တင်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကကတည်းက လက်လွှတ်ခဲ့ရတဲ့ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဇွန် ၇ ရက်နေ့ကစပြီး တနင်္သာတိုင်း ရေဖြူမြို့နယ်ကတဆင့် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာပါ။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လာမှုကြောင့် ဒီကနေ့အထိ မျောက်ချောကျေးရွာအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.