“ကျွန်တော်တို့ အညာဒေသရဲ့ တော်လှန်ရေးဟာ ကောက်ရိုးမီးမဟုတ်ဘူး။ ရှားမီးဖြစ်တယ်။ တမြေ့မြေ့နဲ့ ကျွမ်းလောင်နေပြီး အခုအချိန်အထိ မငြှိမ်းသတ်နိုင်သေးဘူး။ တော်လှန်စိတ်ဓာတ်တွေ ပြင်းထန်စွာရှိပါတယ်”

– ကိုချစ်ဝင်းမောင် (မကွေးလူထုတိုက်ပွဲကော်မတီဝင်)

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ကို ဒီနေ့အထိ လူအင်အားနဲ့ရော ရှိတဲ့လက်နက်အင်အားနဲ့ပါ တော်လှန်တိုက်ခိုက်နေကြတဲ့အထဲမှာ မကွေးနဲ့ စစ်ကိုင်းစတဲ့ အညာဒေသဝန်းကျင်က ပြည်သူတွေလည်း အပါအဝင်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတဲ့ အခုလိုအချိန်မှာ အဲဒီအညာဒေသက တော်လှန်ရေးအခြေအနေက ဘယ်လိုရှိပါသလဲ။

ဘယ်လိုအခက်အခဲတွေရှိနေလဲ။ ဘယ်လိုကျော်လွှားဖြတ်သန်းနေလဲဆိုတာ သိရဖို့ မကွေးလူထုတိုက်ပွဲ ကော်မတီဝင် ကိုချစ်ဝင်းမောင်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – မင်္ဂလာပါ ကိုယ့်ကိုကိုယ်အရင်ဆုံးမိတ်ဆက်ပေးပါဦး။

ဖြေ – မင်္ဂလာပါ။ ကျွန်တော့်နာမည် ချစ်ဝင်းမောင်ပါ။ မကွေး လူထုတိုက်ပွဲ ကော်မတီက ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး တိုက်ပွဲမှာတော့ လူထုတိုက်ပွဲတွေ လူထုလှုပ်ရှားမှုတွေမှာ အစဉ်တစိုက် ပါဝင်နေတဲ့ အရေးတော်ပုံ တပ်သားတစ်ဦးဖြစ်ပါတယ်။

မေး – အညာဒေသဖြစ်တဲ့ မကွေးနဲ့စစ်ကိုင်းမှာ လူထုတိုက်ပွဲကော်မတီအနေနဲ့ လှုပ်ရှားမှုအခြေအနေလေး ပြောပြပေးပါဦး။

ဖြေ – မကွေး လူထုတိုက်ပွဲကော်မတီအနေနဲ့ မကွေးတိုင်းထဲမှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လူထုလှုပ်ရှားမှုတွေ သပိတ်တိုက်ပွဲတွေ ဆောင်ရွက်ခဲ့ပါတယ်။နောက်ထပ်ဖော်ဆောင်ဖို့လည်း ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတဲ့အပြင် ကျွန်တော်တို့ဒေသနဲ့ တစ်ဆက်တစ်စပ်တည်းဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်း၊ သပိတ်ကော်မတီတွေ ရဲဘော်ရဲဖက်တွေနဲ့ ပူးပေါင်းပြီးတော့ လူထုလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ထပ်ပူးပေါင်း ဆောင်ရွက်ဖို့လည်း အလားအလာ ရှိပါတယ်။

မေး – လူထုလှုပ်ရှားမှုတွေရော ရှိနေသေးလား။

ဖြေ – ရှိနေပါတယ်။ အင်တိုက်အားတိုက် ရှိနေပါတယ်။ သို့သော် တစ်ဘက်ရန်သူ ထိုးနှက်လာနိုင်တဲ့ အလားအလာကို သတိကြီးစွာနဲ့ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ သပိတ်ကော်မတီများ ပါးပါးနပ်နပ်နဲ့ ပြင်ဆင်ချီတက်လျက် ရှိတယ်လို့ ပြောချင်ပါတယ်။

မေး – အညာဒေသက ပြည်သူလူထုရဲ့ ပါဝင်မှုကရော ဘယ်လိုရှိနေလဲ။

ဖြေ – ကျွန်တော်တို့ သပိတ်လှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေမှာ ပြည်သူလူထုတစ်ရပ်လုံးက လက်ရှိအချိန်အထိ တက်တက်ကြွကြွ ပါ၀င်ဆောင်ရွက်နေပါတယ်။ တခဲနက် လူထုလှုပ်ရှားမှုတွေမှာ ပါ၀င်ဆောင်ရွက်နေပါတယ်။ တစ်ချက်မှ အားလျော့သွားတာမျိုး မရှိဘဲနဲ့ အခက်အခဲ အကြပ်အတည်းများ ကြားထဲက တာဝန်ကျေကျေနဲ့ လူထုလှုပ်ရှားမှုတွေမှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်နေပြီး အင်မတန် အားရစရာကောင်းပါတယ်။

မေး – အညာဒေသဖြစ်တဲ့ မကွေးနဲ့ စစ်ကိုင်းရဲ့စစ်ရေး အခြေအနေလေးဘယ်လိုရှိနေလဲ။

ဖြေ – ဒီ တော်လှန်ရေးကြီး စကတည်းက အညာ‌ဒေသမှာ အကြမ်းဖက် စစ်အုပ်စုက လူသတ်၊ မုဒိမ်းကျင့်၊ ရွာတွေကိုမီးရှို့ ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ နေ့စဉ်ရှိပါတယ်။ ဒီကြားထဲမှာမှ ကျွန်တော်တို့တပ်ဖွဲ့၀င်တွေ၊ နိုင်ငံရေး အင်အားစုတွေ ကြိုးပမ်းမှုကြောင့် စစ်ကိုင်းတိုင်း နေရာတော်တော်များများ မကွေးတိုင်းခရိုင်နှစ်ခုမှာ ကောင်းကောင်းမွန်မွန် အခြေအနေတစ်ခုကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။

အလုပ်တွေပြန်လုပ်နိုင်တဲ့ အခြေအနေကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ အခြားတစ်ဘက်မှာလည်း ရန်သူအကြမ်းဖက် စစ်အုပ်စုက ပိုပြီးတော့ စိုးမိုးနယ်မြေ ထိန်းချုပ်နယ်မြေတွေ ပြန်လည်သိမ်းပိုက်ချင်တဲ့ အတွက် ပြန်လည်ထိုးစစ်ဆင်လာတာကို ဒီကာလမှာ သတိထားမိတယ်။

တပြိုင်နက်ထဲမှာလည်း ရန်သူစစ်အုပ်စုဟာ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး အညာဒေသမှာ နေ့စဉ်ရက်ဆက် ဆိုသလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီးတော့ အညာဒေသကို အငြိုးကြီးမားစွာ လေကြောင်းတိုက်ခိုက်နေပါတယ်။ ပြည်သူလူထုနဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဒီအခြေအနေကို ကြံ့ကြံ့ခံလျက်ရှိပါတယ်။

မေး – မကွေးနဲ့စစ်ကိုင်းကို သွားလာနေတဲ့သူဖြစ်တော့ မြေပြင်မှာ ပြည်သူလူထုတွေရဲ့ ရှင်သန်နေထိုင်မှုအပေါ် ဘယ်လိုမြင်မိပါသလဲ။

ဖြေ – ကျွန်တော်တို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို လှည့်လည် တာဝန်ဆောင်ရွက်ရင်းနဲ့ ပြည်သူလူထုကို စဉ်ဆက်မပြတ် ထိတွေ့နေပါတယ်။ စစ်ကိုင်း၊ မကွေးဒေသက ပြည်သူတွမှာ အခက်အခဲ အကြပ်အတည်းတွေ အများကြီးရှိပါတယ်။ နဂိုကတည်းက အညာဒေသစီးပွားရေးက အားမကောင်းပါဘူး။ ကိုဗစ်ကို ဖြတ်ကျော်ထားရပြီးတော့ တော်လှန်ရေးကာလ သုံးနှစ်ကျော်လာတဲ့အခါမှာ အကြပ်အတည်းတွေ များလာပါတယ်။

သို့သော် တချို့ဒေသမှာ သီးပင်၊ စားပင် စိုက်ပျိုးပြီးတော့ စီးပွားရေးအရ တောင့်ခံနေကြတဲ့ အခြေအနေ ရှိတယ်။ ဒါပေမဲ့ အရင်ကထက် ကုန်ပစ္စည်းဈေးနှုန်း ကြီးမားမှုတွေ စက်သုံးဆီ၊ လောင်စာဆီ စတဲ့ အခက်အခဲတွေ ကြားထဲမှာ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံမှုက တကယ်ကို အံ့ဩချီးကျူးစရာပါပဲ။ အကြမ်းဖက် စစ်အုပ်စုက ယုတ်မာတဲ့ နည်းလမ်းမျိုးစုံ လုပ်နေစေကာမူ အရင်ကတည်းက ပြောနေကျအတိုင်းပါပဲ။

ပြာပုံထဲက ဖီးနစ်ငှက်တွေလို လက်သီးလက်မောင်းတန်း ပြီးတော့ စစ်အုပ်စုကို တိုက်ပွဲဝင်ရင်း ဒီတော်လှန်ရေးပေါ်မှာ ကြံ့ကြံ့ခံ ဆက်လက်တိုက်ပွဲဝင်ချီတက်လျက် ရှိနေတုန်းပါပဲ။

မေး – စစ်ဘေးတိမ်းရှောင်နေရတဲ့သူတွေရဲ့ ကျန်းမာရေးကအစ ဘယ်လိုရှိနေလဲ။

ဖြေ – စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ အရေအတွက်က ပိုမိုများလာတဲ့အညီ ပံ့ပိုးကူညီတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေမှာလည်း အခက်အခဲတွေ ရှိပါတယ်။ မေးခွန်းမှာပါသလိုပဲ။ ကျန်းမာရေးကိစ္စက အင်မတန်အခက်အခဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး နယ်ပယ်က ကျွမ်းကျင်သူတွေက တချို့နေရာတွေကို အရောက်‌အပေါက်နည်းတဲ့ အခြေအနေတွေမှာ ဆေးဝါးရရှိနိုင်မှု အခက်အခဲတွေ အဲဒီလို ရင်ဆိုင်နေရတယ်။

နောက်တစ်ခါ လူမှုရေး နေ့စဉ်နေထိုင်ရေး အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် စစ်ရှောင်တွေကို ကူညီကယ်ဆယ် ထောက်ပံ့ပေးနေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း ပိုမိုကျပ်တည်းမှုတွေ များလာတယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲတွေကြားထဲမှာ ပြည်သူမှ ပြည်သူသို့ဆိုတဲ့ ပြန်လည်ထောက်ပံ့ ရိုင်းပင်းကူညီတဲ့မူရင်း စိတ်ဓာတ်တွေနဲ့ တော်လှန်ရေးကို ကျော်ဖြတ်နေတယ် ပြည်သူလူထုတစ်ရပ်လုံးကလည်း အညာမှာရော အခြားဒေသမှာရှိတဲ့ စစ်ရှောင်တွေကိုပါ ဝိုင်း၀န်းကူညီ ပံ့ပိုးပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

မေး – ပြည်သူလူထုရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကဘာများဖြစ်မလဲ။

ဖြေ – အညာပြည်သူလူထုရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ အတူတူပါပဲ။ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။ ဒါကတော့ ပထမအခက်အခဲ။

နောက်ထပ် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေတော့ ပေးတော့ပေးနေပါတယ်။ ဒါပေမဲ့ အားလုံးလွှမ်းခြုံနိုင်ခြင်းမရှိပါဘူး။ အထူးသဖြင့် စစ်ရှောင်ရတဲ့အခါ လွယ်လင့်တကူ မသွားလာနိုင်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေ၊ မိုးရာသီဆို ဖြစ်တတ်တဲ့ ဝမ်းရောဂါနဲ့ ငှက်ဖျားရောဂါ ကူးစက်ရောဂါလိုမျိုးတွေပေါ့။ ဒါကို ကျွန်တော်တို့က စိုးရိမ်ကြီးစွာနဲ့ အဆင်သင့် ပြင်ဆင်တာမျိုး၊ ဘယ်လို ကာကွယ်မလဲဆိုတာမျိုးကို ကျွန်တော်တို့ သပိတ်ကော်မတီနဲ့ ပံ့ပိုးကူညီတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေအချင်းချင်းကြားမှာလည်း တိုင်ပင်နေကြတာရှိပါတယ်။

မေး – အညာဒေသရဲ့ တော်လှန်ရေးခရီးက ဘယ်အထိပေါက်နေပြီလို သုံးသပ်ပါသလဲ။

ဖြေ – အညာဒေသရဲ့ တော်လှန်ရေးဟာ ဘယ်လောက်အထိ ပေါက်ရောက်နေပြီလဲ ဆိုတာကိုတော့ တိတိပပ ပြောဖို့ခက်ပါတယ်။ သို့သော် သေချာတာကတော့ ကျွန်တော်တို့ အညာဒေသရဲ့ တော်လှန်ရေးဟာ ကောက်ရိုးမီးမဟုတ်ဘူး ရှားမီးဖြစ်တယ်။ တမြေ့မြေ့နဲ့ ကျွမ်းလောင်နေပြီး အခုအချိန်အထိ မငြှိမ်းသတ်နိုင်သေးဘူး။ တော်လှန်စိတ်ဓာတ်တွေ ပြင်းထန်စွာရှိပါတယ်။

ဒီတော်လှန်ရေးမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ နောက်တစ်ခါ တပ်ရင်းတပ်ဖွဲ့တွေ ရစ်သမ်မိလာမှုတို့ပေါ့။ တပ်ရင်းတပ်ဖွဲ့နဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ အရင်တုန်းက အညာမှာ လက်နက်ခဲယမ်း အင်မတန်ခက်ခဲပါတယ်။ အခုထိလည်း ခက်ခဲတုန်းပါပဲ။

အခုဆိုရင် လက်နက်ခဲယမ်းအခက်အခဲတွေကို အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုတွေ တွေ့မြင်လာရပါတယ်။ အရင်က ပြန့်ကြဲနေတဲ့ အင်အားစုတွေကို အတူတကွ တိုက်ပွဲဝင်ကြဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေကနေ အခုဆိုရင် ပူးပေါင်းတိုက်ပွဲဝင်တဲ့ အနေအထားဖြစ်လာပြီ။ သို့သော် ဒီထက်ပိုပြီး အောင်မြင်ဖို့ နယ်‌မြေစိုးမိုးမှုတွေ ထပ်ကြိုးစားရဦးမယ့် အခြေအနေပါ။

အချုပ်ပြောရရင်တော့ အညာဒေသရဲ့ တော်လှန်ရေးခရီးဟာ အရင်ကထက်စာရင် အဆင်တစ်ဆင့်ကိုရောက်ခဲ့ပြီ။ သို့သော်ပန်းတိုင်ကို ရောက်ဖို့အတွက် အလှမ်းဝေးသေးပါတယ်။ နိုင်ငံရေးနဲ့ လက်နက်ကိုင် တော်လှန်ရေး၊ စစ်ရေးတို့ ပေါင်းစပ်ဖို့ ကျားကုပ်ကျားခဲ ကြိုးစားရပါဦးမယ်။ များပြားလှတဲ့ တပ်ရင်းတပ်ဖွဲ့တွေ Local PDF တွေ ဒေသန္တရတပ်ဖွဲ့ တွေနဲ့ ပူးပေါင်းပြီး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

တန်းတူညီမျှရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရှိတဲ့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံရေး ဖြစ်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒါမှသာ နွေဦးတော်လှန်ရေးရဲ့ ခရီးဆုံးပန်းတိုင်ကို ချီတက်နိုင်မှာဖြစ်ပါတယ်။

မေး – လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေတော့ အညာက ပြည်သူလူထုတွေက လေကြောင်းနဲ့ပတ်သက်ပြီး ဘယ်လို သိရှိထားနားလည်ထားတာတွေရှိလဲ။ စကစက လေကြောင်းတိုက်ခိုက်မှုတွေကိုဘာများပြောချင်တာရှိမလဲ။

ဖြေ – လေကြောင်းတိုက်ခိုက်မှုတွေက ဆက်လက်ရှိနေပါတယ်။ ဒီထက်ပိုများလာတာလည်းရှိပါတယ်။ တချို့နေရာမှာဆိုရင် မီဒီယာမသိတဲ့ မရောက်တဲ့ အဖြစ်အပျက်မျိုးတွေ ကြားရပါတယ်။ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုကနေ ကာကွယ်နိုင်အောင် ဘယ်လိုမျိုး ပြင်ဆင်ဆောင်ရွက်မလဲ ဆိုတာကို ဒေသအလိုက် အသိပညာပေးနေပါတယ်။

ဒီထက်ပိုပြီး ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိ၊ သတိပေးနိုင်အောင် အများကြီး လုပ်ဆောင်ရမှာပါ။ ပြည်သူတွေအနေနဲ့ မိမိတို့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ကိစ္စမျိုးကို ဒီထက်အာရုံစိုက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါမယ် လို့ တိုက်တွန်းချင်ပါတယ်။ စစ်တပ်က လူမဟုတ်ဘူး။

လူဆိုရင် ကိုယ်ချင်းစာတရား၊ မေတ္တာတရား ထားရမယ်။ သူတို့မှာ ဘာမှမရှိဘူး။ ပြင်ပက လူပုံစံ ဖြစ်နေပေမယ့် လူစိတ်မရှိတာကြောင့် ဒီထက်ပိုပြီး ရက်စက်ယုတ်မာ သွားဦးမှာပါ။ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို နောက်တွန့်မသွားဘဲ ရန်သူစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဆောင်ရွက်သွားပါမယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – မကွေးလူထုတိုက်ပွဲကော်မတီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.