ရီးယာ့ဒ်၊ ဇွန် ၂၁

အခုနှစ် ဆော်ဒီအာရေးဗီးယားနိုင်ငံက ဟာ့ချ်ဘုရားဖူး ခရီးစဉ်မှာ အပူချိန်လွန်ကဲမှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိလာပြီး သူတို့ထဲက ထက်ဝက်လောက်ဟာ မှတ်ပုံတင်မထားတဲ့ ဘုရားဖူးတွေ ဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဇွန် ၂၀ ရက်က သေဆုံးသူတွေထဲမှာ အီဂျစ်နိုင်ငံသား ၅၈ ဦး ပါဝင်ပြီး အခုအချိန်အထိ သေဆုံးသူ အီဂျစ်နိုင်ငံသား ၆၅၈ ဦးရှိနေပြီးတော့ သူတို့ထဲက ၆၃၀ လောက်ဟာ မှတ်ပုံတင်မထားတဲ့ ဘုရားဖူးတွေ ဖြစ်တယ်လို့ အာရပ်သံတမန် တစ်ယောက်က ပြောကြားခဲ့ပါတယ်။

ဘုရားဖူးခရီးစဉ်အတွင်း နိုင်ငံပေါင်း ၁၀ နိုင်ငံက သေဆုံးသူ စုစုပေါင်း ၁၀၈၁ ဦး ရှိကြောင်း သိရပါတယ်။

ဒီဘုရားဖူးခရီးစဉ်ဟာ မွတ်စလင်မှန်ရင် အနည်းဆုံး တစ်ကြိမ် သွားရောက်ရမယ့် ခရီးစဉ်ဖြစ်ပါတယ်။

အစ္စလာမ်မစ်ပြက္ခဒိန်အရ ဆုံးဖြတ်တဲ့အချိန်မှာ ကျင်းပတဲ့ ဟာ့ချ် ဘုရားဖူးခရီးစဉ်ဟာ အခုနှစ်မှာလည်း အလွန်ပူပြင်းတဲ့ ဆော်ဒီအာရေးဗီးယားရဲ့ နွေရာသီမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။

မက္ကာမြို့ရှိ ဂရန်းဗလီကြီးမှာ အပူချိန် ၅၁ ဒဿမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိကြောင်း မိုးလေဝသဌာနက ဖော်ပြထားပါတယ်။

အဲဒီဒေသမှာ အပူချိန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုမြင့်တက်လာကြောင်း ဆော်ဒီအရေးဗီးယားနိုင်ငံက လေ့လာ တွေ့ရှိထားပါတယ်။

တရားဝင် ပါမစ်တွေက ဈေးကြီးတဲ့အတွက် ငွေကြေးမတတ်နိုင်သူတွေဟာ တရားဝင် မဟုတ်တဲ့ လမ်းကြောင်းတွေကနေ ဘုရားလာဖူးကြတာ ဖြစ်ပါတယ်။

အခုနှစ် ဟာ့ချ်ဘုရားဖူး ခရီးစဉ်မှာ မှတ်ပုံတင်မထားသူ ထောင်နဲ့ချီ ရှိတယ်လို့ ဆော်ဒီအာရေးဗီးယား အရာရှိတွေက ပြောပါတယ်။

လူဦးရေ ၁ ဒဿမ ၈ သန်းလောက်ရှိတဲ့ ဘုရားဖူးတွေအတွက် အရာရှိတွေက လေအေးပေးစက်တွေ တပ်ဆင်ပေးထားပေမယ့် မှတ်ပုံတင်မထားသူတွေဟာ လေအေးပေးစက် ရှိတဲ့ နေရာတွေဆီ ဝင်လို့မရဘူးလို့ သိရပါတယ်။

မှတ်ပုံတင်မထားသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံ ရှာဖွေနေတာကြောင့်လည်း ရှောင်ပြေးရင်း အားအင်ကုန်ခမ်းရသူတွေလည်း ရှိတယ်လို့ အာရပ်သံတမန် တစ်ယောက်က ပြောကြားထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.