ပြုံးယမ်း၊ ဇွန် ၂၁

ရုရှားနဲ့မြောက်ကိုရီးယား တိုက်ခိုက်ခံရရင် အချင်းချင်း ကူညီမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားပြီး နှစ်နိုင်ငံဆက်ဆံရေးကို နောက်တစ်ဆင့် တိုးမြှင့်လိုက်ပါတယ်။

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာရောက်တဲ့ သမ္မတပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်မှာ မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာက နှစ်နိုင်ငံအလံတွေ ကိုင်ဆောင်ပြီး ပူတင်ကို ကြိုဆိုပါတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။

အဲဒီနောက် နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ၁၉၆၁၊ ၂၀၀၀ နဲ့ ၂၀၀၁ ခုနှစ်က လက်မှတ်ရေးထိုးထားခဲ့တဲ့ အရင်က သဘောတူညီမှုတွေနေရာမှာ အစားထိုးမယ့် လက်တွဲဆောင်ရွက်ရေး မဟာဗျူဟာဆိုင်ရာ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မိမိတို့နှစ်နိုင်ငံထဲက တစ်နိုင်ငံကို ရန်စတိုက်ခိုက်လာမယ်ဆိုရင် အပြန်အလှန် ကူညီပေးရေး သဘောတူညီချက် ပါဝင်တယ်လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

အဲဒီသဘောတူညီချက်မှာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ယဉ်ကျေးမှုနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှုတွေ ပါဝင်ကြောင်းလည်း သမ္မတ ပူတင်က ပြောပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ရန်စတာ ဖြစ်တယ်လို့လည်း သမ္မတ ပူတင်က ပြောကြားထားပြီး အမေရိကန်ရဲ့ မူဝါဒဟာ ထိပ်တိုက်တွေ့ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဏာရှင် နှစ်ယောက်ကြား သဘောတူညီမှုဟာ မေးခွန်း ထုတ်စရာတွေ အများကြီး ရှိနေပြန်ပါတယ်။

ဒီသဘောတူညီမှုအရ ရုရှားရဲ့ နျူကလီးယား ခုခံကာကွယ်နိုင်စွမ်းကို မြောက်ကိုရီးယားအထိ တိုးချဲ့ ချထားမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသလို သူတို့နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မှာလား ဆိုတာလည်း အသေအချာ မသိရသေးပါဘူး။

မြောက်ကိုရီးယားက ရုရှားကို အားကိုးနေပြီး ဒီဆက်ဆံရေးဟာ မြောက်ကိုရီးယားအတွက်လည်း အရေးကြီးပါတယ်။

မြောက်ကိုရီးယားက ယူကရိန်းမှာ ရုရှားတပ်တွေ အသုံးပြုဖို့ လက်နက်တွေ ထောက်ပံ့နေတယ်လို့ အစိုးရအဖွဲ့ တော်တော်များများက စွပ်စွဲထားပေမယ့် ပြုံယမ်းအစိုးရကတော့ ပယ်ချထားပါတယ်။

သမ္မတ ပူတင်က ခေါင်းဆောင် ကင်အတွက် ဇိမ်ခံကားတစ်စီး လက်ဆောင်ပေးခဲ့ပြီး ခေါင်းဆောင် ကင်က ခွေးနှစ်ကောင် လက်ဆောင် ပြန်ပေးလိုက်ကြောင်း သိရပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.