မော်လမြိုင် ၊ ဇွန် ၂၂

ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လမ်းတွေမှာ စောင့်ဆိုင်းပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ကုန် သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် ထိုင်းကုန်ပစ္စည်းတွေကို ဒုစစ်ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ညွှန်ကြားချက်ကြောင့် ဖမ်းဆီးနေတာဖြစ်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ ဘုရားသုံးဆူနဲ့မြဝတီမြို့တို့ကနေ ဝင်ရောက်လာတဲ့ ကုန်တင်ကားတွေကို ဇာသပြင်တံတားနဲ့ စံပယ်ဂူတံတားအနီးမှာ စောင့်ဆိုင်းဖမ်းတာတွေ ရှိနေပါတယ်။

ကုန်သည်တစ်ဦးကတော့ စစ်ကောင်စီဘက်က ထိုင်းကုန်ပစ္စည်းတွကို ဖမ်းဆီးပြီး အကောက်အခွန်ဌာနအပ်ကာ အရေးယူနေတာကြောင့် ထိုင်းကုန်စည်တွေ တင်သွင်းလို့မရတော့တဲ့အတွက် ကုန် ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။

“ထိုင်းပစ္စည်းတွေကို မနေ့တစ်နေ့ကပဲ ၆/၇ စီးလောက် ဖမ်းလိုက်တယ်။ လက်ရှိတစ်ချက် ထွက်ဖမ်းတဲ့ အချိန်တော့ ထွက်ဖမ်းကြတာပေါ့။ ဖမ်းပြီး ကာစတန်အပ်ပြီး အရေးယူတာပေါ့။ အရှေ့ ၃/၄ ရက်လောက်ကတော့ နှစ်ရက်ထွက်ဖမ်းတာပေါ့။ ကား ၆ စီးလောက် ပါသွားတယ်။ လက်ရှိတော့ ဝင်ဖို့ လွယ်လွယ်ကူကူ မရသေးဘူး။ အဓိကကတော့ ကုန်ဈေးနှုန်းတက်တာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီက ထိုင်းကုန်စည်တွေကို မပေးဝင်ပါက ရက်ကြာလာတာနဲ့အမျှ ဒေသတွင်းမှာ လူသုံးများတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်မှု ဖြစ်လာနိုင်သလို ကုန်ဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ကုန်သည်တစ်ဦးကလည်း လက်ရှိကာလမှာ ထိုင်းကုန်စည်တွေဟာ မြဝတီက ဝင်တာနည်းပြီး ဘု ရားသုံးဆူက ဝင်တာများလာတာကြောင့် တားဆီးတာဖြစ်နိုင်ပြီး အခုလို ထိုင်းကုန်စည်တွေ ရက်ရှည်သွားလာ သယ်ဆောင်ရတဲ့အချိန် ဖမ်းဆီးတဲ့အတွက် ကုန်ဈေးနှုန်းထပ်မံမြင့်တက်မယ်လို့ ပြောပါတယ်။

“ထိုင်းကုန်စည်တွေက အရင်လို မြဝတီလမ်းကြောင်းက ဝင်တာနည်းတယ်။ ဘုရားသုံးဆူဘက်က ဝင်နေမယ်။ အဲဒါကို တားတာနဲ့တူတယ်။ အခုကာလကြီးကျတော့ ဘာမှန်းကိုမသိတာ။ ပွင့်ပွင့်လင်းလင်းပြောရင် လမ်းကလည်း တစ်ခါသွားရင် ၄/၅ ရက် ကြာတယ်လေ။ လမ်းက အသွားအပြန်ဆိုရင် ရှစ်ရက်လောက်ကြာတယ်။ ပြီးရင် ဘယ်လမ်းကြောင်း ပွင့်မယ်မှန်းလည်း မသိသေးဘူး။ အဲဒါကို တားနေတာ။ ဘုရားသုံးဆူလမ်းကြောင်း ပြန်ပွင့်နေတာ ဖမ်းရင်တော့ ကုန်ဈေးနှုန်းမြင့်မှာပေါ့” လို့ ဆိုပါတယ်။

ထိုင်းကုန်စည်တွေဟာ လမ်းခရီးခက်ခဲတဲ့ကြားထဲက ရက်ရှည်သွားလာပြီး သယ်ဆောင်ရတာဖြစ်တဲ့အတွက် အခုလိုဖမ်းဆီးနေပါက ကုန်သည်တွေ လုပ်ငန်းရပ်နားလာမှာဖြစ်သလို ထိုင်းကုန်စည် စီးဆင်းမှုတွေပါ ရပ်တန့်လာနိုင်တယ်လို့ ကုန်သည်တွေက ထောက်ပြပါတယ်။

လက်ရှိ ဒေသတွင်းမှာတော့ ထိုင်းကုန်စည် ဝင်ရောက်မှုတွေ အခုရက်ပိုင်းအတွင်း ရပ်တန့်နေရသလို ထိုင်းကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း တစ်ရက်နဲ့တစ်ရက် ဈေးနှုန်းသိသိသာသာ မြင့်တက်လာနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကစပြီး မြန်မာဘက်ခြမ်းမှ ပိတ်ထားသလို ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဝင်ပေါက်တွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဒုစစ်ခေါင်းဆောင်ကတော့ မိမိတို့လက်ထက် သွင်းကုန်အပြင် ပို့ကုန်တွေမှာပါ တရားမဝင် ကုန် သွယ်မှုတွေရှိနေဆဲ ဖြစ်တာကြောင့် တရားမဝင် ကုန်သွယ်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးကြဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

မွန်ပြည်နယ်ဟာ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပြင် အထွေထွေသုံးကုန်ပစ္စည်းတွေကို အဓိက တင်သွင်းအသုံးပြုနေရတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.