ပင်လောင်း၊ ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီနဲ့ လက် အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက နမ့်တုတ်ကျေး ရွာအုပ်စုလွယ်ကျိုင်းကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေအပါအဝင် ဒရုန်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် လွယ်တိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၃၉ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဥူးနေမိန္ဒဟာ ပျံလွန်တော်မူခဲ့ပြီး အရပ်သား ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PNLA က ဆိုပါတယ်။

အဲ့ဒီနေ့မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်ကွင်းကိုသွားနေတဲ့ နမ့်ဖါကျေးရွာနေ ဦးဒေါင်းဟာလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မူလတန်း ကျောင်းသား ဖိုးသောကြာနဲ့ မူလတန်းကျောင်းသူ မအေးကို ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက မိုးဦးကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA က ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းဖြစ်တဲ့ ဆီဆိုင်နဲ့ ဟိုးပုံးမြို့နယ်တွေမှာတော့ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက အရပ်သား ပြည်သူတွေကို မကြာခဏဆိုသလို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.