မကွေး၊ ဇွန် ၂၁
မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူနှစ်ဦးကို နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဇွန် ၁၈ နဲ့ ၁၉ ရက်တွေမှာ စျေးသည်တစ်ဦးနဲ့ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို စလင်းမြို့ လေးတိုင်စင်အနီးမှာ ပစ်သတ်လိုက်တာပါ။
“အမျိုးသမီးကစျေးသည်ပါ။ မနက် သုံးနာရီလောက်မှာ စျေးခြင်းတောင်းနဲ့လာတာကို ပစ်သတ်ပြီးတော့ ကားမှာ ကြိုးနဲ့ဆွဲပြီး စခန်းဘက်ကိုမောင်းထွက်သွားတာ။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စျေးသည်အမျိုးသမီးပစ်သတ်ခံခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျမသိရှိရသေးဘဲ ဆိုင်ကယ်မောင်းလာတဲ့အမျိုးသားကိုတော့ ဆိုင်ကယ် ရပ်မပေးလို့ ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။
ဇွန် ၁၉ ရက် နံနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံတွေက စစ်ဆေးရေးလုပ်နေစဉ်မှာ ဆိုင်ကယ်မရပ်ပေးတာကြောင့် အဲဒီဆိုင်ကယ်သမားကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
စလင်းမြို့နယ်မှာ ဇွန် ၁၇ ရက်ကစပြီး VPN စစ်ဆေးတာတွေကို လုပ်ဆောင်နေတာဖြစ်ပြီးတော့ VPN တစ်ခုအတွက် ငွေကျပ် ၁ သိန်းတောင်းခံတယ်လို့ သိရပါတယ်။
စလင်းမြို့နယ်မှာ ဇွန်လ ပထမပတ်အတွင်းကလည်း ရှောင်တခင်စစ်ဆေးတာနဲ့ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဒေသခံပြည်သူ ၇၀ ဦး ဝန်းကျင်ဖမ်းဆီးခံခဲ့ရကာ အဲဒီအထဲက အယောက် ၄၀ ပြန်လည်လွတ်မြောက်ထားပါတယ်။
သံလွင်တိုင်းမ်