နေပြည်တော် ၊ ဇွန် ၂၂

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးမှုမှာ ဒီမိုကရေစီကို ဦးတည်တဲ့ ပုဒ်မတွေပြင်ဆင်ဖို့ သဘောတူနိုင်ခဲ့တယ်လို့ ပါတီအစုအဖွဲ့ဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်တွေအပါအဝင် အပစ်ရပ်ထိုး EAO တွေနဲ့ ဆွေးနွေးညှိနှိုင်းရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို ဆွေးနွေးဖို့ ဇွန် ၁၉ နဲ့ ၂၀ ရက်နေ့တို့မှာ နှစ်ဘက်ကိုယ်စားလှယ်တွေက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

နှစ်ရက်တာ ဆွေးနွေးမှုမှာ နိုင်ငံရေးပါတီအများအစုအဖွဲ့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဦး တည်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တာကိုတင်ပြခဲ့ပြီး NSPNC ဘက်က မူအားဖြင့် သဘောတူညီခဲ့တာလို့ နိုင်ငံရေးပါတီများအစုအဖွဲ့ဘက်က ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက ဘယ်ပုဒ်မတွေကို ပြင်ဆင်ဖို့ သဘောတူခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ရှင်းပြလို့ မရသေးပေမယ့် ဆက်လက်ဆွေးနွေးဖို့ သဘောတူထားတယ်လို့ သူ က သံလွင်တိုင်းမ်ကို ဆက်ပြောပါတယ်။

“ကျွန်တော်တို့ အသေးစိတ်ရှင်းပြလို့မရသေးပေမယ့် ဒီမိုကရေစီကို ဦးတည်တဲ့ ပုဒ်မတွေကို ပြင် ဆင်ဖို့ သဘောတူနိုင်ခဲ့တာတွေ ရှိပါတယ်။ တချို့လည်း ဆက်လက်ဆွေးနွေးရမယ့်ကိစ္စတွေ ရှိပါတယ်။ အဲဒီလိုပဲ ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့လည်း မူအားဖြင့် သဘောတူတာတွေ ရှိတယ်၊ ဆက်လက်ဆွေးနွေးဖို့ သဘောတူထားတာရှိတယ်။ ဒါကတော့ ဒီဆွေးနွေးပွဲရဲ့ ကနဦးရလဒ်ပါ။ နောက်ပိုင်းပုံမှန်ဆွေးနွေးပွဲတွေ ထပ်ဖြစ်ဖို့လည်း ကျွန်တော်တို့ သဘောတူထားတာ ရှိပါတယ်”လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ မပြီးပြတ်သေးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရမယ့် အချက်အလက်တွေအပါ အ ဝင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အထွေထွေဆွေးနွေးချက်တွေကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့မှာတော့ ပြည်‌ထောင်စု‌ရွေးကောက် ပွဲကော်မရှင် UEC မှာ ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၄၇ ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စား လှယ်တွေပါဝင်ပြီး USDP ပါတီက အလှည့်ကျ ဦးဆောင်ဆွေးနွေးတာပါ။

တစ်ဘက်မှာ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကြောင့် လက်ရှိအချိန်ထိ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်ကောင်စီအနေနဲ့ အခုနှစ်လယ်လောက်မှသာ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးမှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းချိန်ကစပြီး အမြဲလိုလိုကြွေးကြော်နေတဲ့ အထွေထွေရွေး ကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၅ ရက်နေ့မှာ လေသံပစ်ထားတာပါ။

ဦးကိုကိုကြီးကတော့ လက်ရှိဆွေးနွေးမှုဟာ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင် ဆင်မယ့်ပုဒ်မတွေကို သဘောတူညီမှုရဖို့ ကြိုးစားနေပြီး လွှတ်တော်ပေါ်လာမှသာ ပြင်ဆင်နိုင်မယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်မှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ရွေးကောက်ပွဲမတိုင်ခင် ဘယ်ပုဒ်မတွေကို ပြင်ဆင်ဖို့ သဘောတူတယ်ဆိုတာ ကျွန်တော်တို့ရဖို့ ကြိုးစားနေတာပါ။ အဲဒါက တကယ်တမ်း ကာယကံမြောက်ပြင်ဆင်နိုင်တာကတော့ လွှတ်တော်ပေါ်လာမှပဲ ကျွန်တော်တို့ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် ဒီမတိုင်ခင်မှာ နှစ်ဘက်သဘောထား စုစည်းချက်အဖြစ်နဲ့ ဒါကို မှတ်တမ်းတင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ဒီမိုကရေစီအစိုးရနှစ်ဆက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက တော့ ဖွဲ့ စည်းပုံပါ စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို မဖျက်သိမ်းနိုင်ရင် ရွေးကောက်ပွဲလုပ်လည်း ဘာမှအဓိပ္ပာယ်မရှိဘူးလို့ ထောက်ပြပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်မှုက အရင်ကလည်း (အာဏာမသိမ်းခင်) ပြင်ဆင်ခဲ့ပါတယ်။ လွှတ်တော်မှာလည်း နှစ်ကြိမ်တိုင်တိုင် သူတို့ ဆွေးနွေးပြီးတော့ အတည်ပြုချက်တွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် စစ်တပ်ရဲ့ ဦး‌ဆောင်မှု အခန်းကဏ္ဍက တစ်ခါမှကိုမဖျက်ခဲ့ဘူး။ အမြဲတမ်း စစ်တပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို သူတို့အထိမခံဘူး။ ဆိုတော့ဒီကိစ္စက မဖျက်သိမ်းပေးနိုင်ရင် ဒီရွေးကောက်ပွဲသွားမယ့် ကိစ္စရော၊ ဖွဲ့စည်းပုံပြင်မယ့်ကိစ္စရော ဘာမှအဓိပ္ပာယ်မရှိဘူး”လို့ ဆိုပါတယ်။

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကို စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အတွင်း နှစ်ကြိမ်ထက်မနည်း ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေမှာ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဒါပေမယ့် အဲဒီဆွေးနွေးမှုတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်ကို ဖြေရှင်းပေးနိုင်မယ့် ရလဒ်ကောင်းတွေ မရရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ မေမှာ ကိုယ်စားလှယ် ၁၅ ဦးပါတဲ့ နိုင်ငံ‌ရေးပါတီများအစုအဖွဲ့ကို ပြန်လည်ရွေးချယ်စုဖွဲ့ခဲ့ပါတယ်။

အဲဒီထဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ၊ ပြည်သူ့ပါတီ PP ၊ ရခိုင့်ဦး ဆောင်ပါတီ AFP နဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က နိုင်ငံ‌ရေးပါတီများအစုအဖွဲ့ကို အလှည့်ကျ ဦးဆောင်ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NSPNC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.