မော်လမြိုင်၊ ဇွန် ၂၀

မွန်ပြည်နယ်ရဲ့ သံဖြူဇရပ်နဲ့ကျိုက်ထိုမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် PDF ရဲဘော်သုံးဦး အလင်းဝင်လာတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ပါတယ်။

ဇွန် ၁၈ ရက်နေ့က သံဖြူဇရပ်အခြေစိုက် ဝဲကလိတပ်နယ်ထံ ပြစ်မှုကျုးလွန်ထားခြင်း မရှိတဲ့ PDF ရဲဘော်တစ်ဦး အလင်းဝင်လာတဲ့အတွက် မိဘအုပ်ထိန်းသူထံ ပြန်လည်လွှဲပြောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ဇွန် ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အခြေစိုက် ကျိုက်ထိုတပ်နယ်ထဲ ပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ PDF ရဲဘော် နှစ်ဦး ထပ်မံအလင်းဝင်လာတဲ့အတွက် မိဘအုပ်ထိန်းသူထံ လွှဲ ပြောင်းပေးခဲ့တယ်လို့ စစ် ကောင်စီဘက်က ဝါဒဖြန့်ချီနေတာပါ။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတစ်ဦးက ကျိုက်ထိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်ဦးတစ်ယောက်မျှ အလင်းဝင်တာမရှိသလို နောင်လည်းရှိလာမှာ မဟုတ်ကြောင်းနဲ့ အခုဖြစ်စဉ်ဟာ လိမ်လည်ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလင်းဝင်လာတဲ့ PDF ရဲဘော် သုံးဦးဟာ ဘယ်တော်လှန်ရေးတပ်ဖွဲ့က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိပါဘူး။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က မကြာခဏဆိုသလို PDF ရဲဘော်တွေ အလင်းဝင်လာတဲ့အတွက် မိဘအုပ်ထိန်းသူထံ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဝါဒဖြန့်ချီနေတာတွေ ရှိနေပါတယ်။

ဒါပေမယ့် အခုလ ဇွန် ၄ ရက်နေ့မှာတော့ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေ လျင်တပ်ရင်းက တပ်ထောက်မှူးဗိုလ်ကြီးကျော်မြင့်လွင်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်သွားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.