မော်လမြိုင်၊ ဇွန် ၂၁

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေအားလုံးနဲ့ တညီ တညွတ်တည်းရပ်တည်ကြဖို့၊ တိကျပြီးထိရောက်မှုရှိတဲ့ အကာအကွယ်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထံ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဇွန် ၂၀ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေ၊ ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေနဲ့ နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်နဲ့ မျှော်လင့်ချက်အတွက် နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို ရယူလိုတယ်လို့ KHRG က ဆိုပါတယ်။

၂၀၁၅ ခုနှစ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက် စစ်ရှောင်ဒုက္ခသည်တွေဟာ ဆန္ဒအလျောက် နေရပ်ပြန်မှုတွေ တိုးလာခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကြောင့် ကရင်ပြည်နယ်နဲ့ နိုင်ငံတဝှမ်းမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ KHRG က ဆိုထားပါတယ်။

စစ်ကောင်စီဟာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ရွာလုံးကျွတ်မီးရှို့မှုတွေအပါအဝင် အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညဥှ်းပန်းမှုတွေနဲ့ အခြားဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားတွေရဲ့ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေကို ဆက်လက်ငြင်းဆိုထားပြီး လူသားချင်းစာနာမှုအကူအညီ အ ရေးပေါ်လိုအပ်နေသူတွေထံ ပို့ဆောင်ပေးအပ်တာတွေ ရည်ရွယ်ချက်ရှိရှိနဲ့ ဟန့်တားနှောင့်ယှက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေမှာ ပါဝင်တဲ့ အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်ရခြင်းကနေ ကာကွယ်ပေးဖို့နဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ကာကွယ်ကူညီပေးရမယ့် တာဝန်ကို ရှင်းရှင်းလင်းလင်းချိုးဖောက်နေတယ်လို့ KHRG က ပြောဆိုပါတယ်။

စစ်ကောင်စီဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေကို ဖြစ်စေတဲ့ တရားခံအဖြစ် အသိအမှတ်ပြုပြီး စစ်ကောင်စီနဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးတာ၊ ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ အသိအမှတ်ပြုရာရောက်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ကြဉ်ဖို့ KHRG က တိုက်တွန်းထားပါတယ်။

ဒ့ါအပြင် စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာအဆင့် တရားစီရင်ရေးမှာ ချက်ချင်းအရေးယူဖို့၊ ထောက်ပံ့မှုတွေကို စစ်ကောင်စီကနေတစ်ဆင့် သွယ်ဝိုက်ပေးအပ်တာတွေ ရှောင်ကြဉ်ဖို့ စတဲ့အ ချက်တွေကို KHRG က နိုင်ငံတကာအသိုင်းအဝိုင်းထံ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဇွန် ၁၀ ရက်နေ့ထုတ် အစီရင်ခံ စာရ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ စစ်ရှောင်ဒုက္ခသည် ၃ သန်းကျော်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Thai PBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.