သရက်ချောင်း၊ ဇွန် ၂၁

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဆင်ကူးကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ဆင်ကူးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ကျေးရွာအတွင်းက နေအိမ်တွေမှာ တစ်အိမ်တက်ဆင်း ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်ကျေးရွာတို့က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု မသိရသေးပါဘူး။

ဆင်ကူးကျေးရွာ ပစ်ခတ်မှုကြောင့် ထားဝယ်-မြိတ်သွားကားလမ်းကို စစ်ကောင်စီဘက်က ဖြတ် သန်းသွားခွင့် ပိတ်ပင်ထားပြီး ညနေပိုင်းအထိ ပြန်မဖွင့်ပေးသေးဘူးလို့ ခရီးသွားပြည်သူထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ဆင်ကူးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံနေအိမ်သုံးလုံးကို လာရောက်မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.