ရေဖြူ ၊ ဇွန် ၂၁
တနင်္သာရီတိုင်း ရေဖြူမြို့ နယ် မျောက်ချောရွာအနီးက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
၇ နာရီလောက် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ မျောက်ချောရွာတစ်ဝက်လောက် မီးလောင်ပျက်စီးသွားခဲ့တာပါ။
ဇွန် ၁၉ ရက်နေ့ မနေ့ ၈ နာရီဝန်းကျင်မှာ တော်လှန်ရေးမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းပါတဲ့ စစ်ကြောင်းနှစ်ကြောင်းဝင်ရောက်လာပြီး လက်နက်ကြီးအမြောက်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။
တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေကတော့ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်တုံ့ပြန်တိုက် ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆို ခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။
“ရန်သူက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ် ကျွန်တော်တို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပြီး ၃/၄ နာရီလောက်အကြာမှာ ရန်သူဂျက်လေယာဉ်တွေ မြိတ်ကတက်လာတယ်။ အဲဒီကနေပြီးတော့ လေးကြိမ်တိတိ ဗုံးကြဲသွားတယ်။ ဗုံးတွေက တိုက်ပွဲနဲ့ မဆိုင်တဲ့ မျောက်ချောရွာမှာ သွားပြီးတော့ကျတယ်။ အိမ်တွေ မီးလောင်တာတွေ ရှိတယ်”လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက်တက်လာတဲ့အတွက် တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် ကျဆုံးနိုင်ကြောင်း ခန့်မှန်းရပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က ၄ ဦးထက်မနည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာအနည်းအငယ်ရခဲ့တယ်လို့ နိုင်နဂါးက ဆက်ပြောပါတယ်။
ဒါ့အပြင် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေက မျောက်ချောရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် သေနတ်ပစ်ဖောက်ကာ ရွာထဲဝင်ရောက်သွားခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ပိတ်ဆို့ထားတဲ့အတွက် ဒဏ်ရာရသူတွေကို ပြန်ထုတ်ဖို့ အခက်အခဲတွေ့နေရတယ်လို့ ဆိုပါတယ်။
“ဒီနေ့မှာတော့ (ဇွန် ၂၀ ) ရန်သူရဲ့ လှုပ်ရှားမှုမရှိဘူး။ သူတို့ မျောက်ချောရွာမှာပဲ ဆက်လက်စခန်းချနေတာ ရှိတယ်။ အင်အားအတော်များတယ်၊ သူတို့ဘက်က စစ်ကြောင်းနှစ်ကြောင်းက အင်အား ၄၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံအရရော ကျွန်တော်တို့ ထောက်လှမ်းရေးသတင်းအရရော သိရတယ်”လို့ နိုင်နဂါးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကကတည်းက လက်လွှတ်ခဲ့ရတဲ့ ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဇွန် ၇ ရက်နေ့ကစပြီး တနင်္သာတိုင်း ရေဖြူမြို့နယ်ကတဆင့် အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတာပါ။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လာမှုကြောင့် ဇွန် ၁၉ ရက်နေ့အထိ ရာဖူးကျေးရွာအနီးတဝိုက်မှာ နှစ်ဖက်ထိ တွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက် ပြေး တိမ်းရှောင်နေကြရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ဒေါနစစ်ကြောင်း