နောင်ချို၊ ဇွန် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းအပါအဝင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ရဲဘော် နှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

ဇွန် ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ကနေ ဒရုန်းနဲ့ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် TNLA ရဲဘော်နှစ်ဦး အသက်ပေးလှူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီနေ့ ညနေ ၃ နာရီခွဲအချိန်ခန့်မှာလည်း မိုးကုတ်မြို့နယ် တောင်နီကျေးရွာကို စစ်ကောင် စီတပ်က ဂျက်ဖိုက်တိုက်ခိုက်ရေး လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်နီကျေးရွာက အရပ်သားပြည်သူ အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ဟိုင်ဂင်သဘောတူညီချက်အား အကြိမ်ကြိမ်ချိုးဖောက်နေပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်နဲ့အမျှ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်မှုတွေကို ဆက် တိုက်ပြုလုပ်နေသလို PSLF/ TNLA ထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ပင်ဖြတ်တောက်မှုတွေ ပိုလုပ်လာတယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ကလည်း နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာက TNLA တပ်စွဲထားတဲ့ နေရာကို စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ရဲဘော်တစ်ဦး အသက်ပေးလှူခဲ့ရပြီး လေးဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.