နေပြည်တော် ၊ ဇွန် ၂၁

အာဏာသိမ်းကာလအတွင်း အခြေခံစားသောက်ကုန်တွေအပါအဝင် တခြားကုန်ပစ္စည်းတွေ ဈေး နှုန်းအဆမတန် မြင့်တက်လာမှုအပေါ် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အခုလိုပြောဆိုခဲ့တာပါ။

ဦးဝင်ရှိန်းက ဆေးဝါးနဲ့ ဆေးအထောက်အကူပစ္စည်းတွေအပါအဝင် အရေးကြီးကုန်စည်တွေ ပြတ် လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုမရှိအောင် ဆောင်ရွက်နေပြီး နိုင်ငံတဝန်းက ဆန်သိုလှောင်ရုံတွေ၊ ဆန်ဆိုင်တွေ၊ ဆေးသိုလှောင်ရုံနဲ့ ဆေးဆိုင်တွေမှာ ဈေးကစားဖို့အတွက် ရည်ရွယ်ပြီး သိုလှောင်ထားတာတွေ မရှိစေဖို့အတွက် အပတ်စဉ်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းက နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ရွှေဈေးနှုန်း မြင့်တက်လာတာကို ဝန်ခံခဲ့ပြီး ရွှေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆောင်ရွက်နေသလို နိုင်ငံ ခြားငွေ အမှန်တကယ် လိုအပ်သူတွေကိုလည်း ရရှိနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

စီးပွားရေး ပညာရှင်တစ်ဦးကတော့ ကုန်ဈေးနှုန်း မတည်ငြိမ်တာဟာ ဒေါ်လာဈေးနှုန်းကို မထိန်းနိုင်တာကြောင့်ဖြစ်ပြီး စစ်ကောင်စီက ဒေါ်လာရောင်းချပေးတာ ရှိပေမယ့် လုံလောက်တဲ့ပမာဏ မ ဟုတ်တာကြောင့် ဒေါ်လာဈေးနှုန်းကို ဆွဲချနိုင်တဲ့ အခြေအနေမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကက ကုန်ဈေးနှုန်း တည်ငြိမ်အောင် အမေရိကန် ဒေါ်လာဈေးကို ငြိမ်အောင် မထိန်းနိုင်တဲ့အ တွက် ကမောက်ကမတွေ ဖြစ်ကုန်တာ။ နိုင်ငံခြားငွေကို ဗဟိုဘဏ်က ထုတ်ရောင်းတာမှန်တယ်။ ဒါပေမယ့် ဗဟိုဘဏ်က ထုတ်ရောင်းတာ နည်းနည်းလေး အထောက်အကူ ဖြစ်ယုံလောက်ပဲ။ သူထုတ်ရောင်းတာလည်း ဒေါ်လာအရွက်ကြီးကို ဈေးကွက်ထဲကို ထုတ်ရောင်းတာ မဟုတ်ဘူး။ ဆိုတော့လုံးလုံးကြီး ဒေါ်လာဈေးနှုန်းကို ဆွဲချနိုင်လောက်တဲ့ အခြေအနေထိတော့ သူတို့ ရောင်းမပေးနိုင်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ အသုံးပြုတဲ့ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းအများစုဟာ ပြည်ပနိုင်ငံတွေကတဆင့် တင်သွင်းနေရတာ ဖြစ်တဲ့အတွက် ဒေါ်လာဈေးနှုန်းကို မထိန်းချုပ်နိုင်ပါက ကုန်ဈေးနှုန်းတွေ ကျဆင်းလာဖို့ မရှိသလို တည်ငြိမ်ဖို့လည်း မဖြစ်နိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ ဆန်နဲ့ စားသုံးဆီဈေးနှုန်းတည်ငြိမ်ဖို့ကို ပထမဦးစားပေးအဖြစ် လုပ်ဆောင်သလို အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်း မတည်ငြိမ်တာ၊ ရုတ်တရက် မြင့်တက်လာတာတွေကိုလည်း သက်ဆိုင်ရာအဖွဲ့ အစည်းအနေနဲ့ အထူးအလေးထား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အိမ်ရှင်မတစ်ဦးကတော့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေမျှတမှု မရှိတဲ့ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရသလို စားဝတ်နေရေးကအစ အရမ်းကို ခက်ခဲလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်မတို့ ပြည်သူတွေကတော့ ကုန်ဈေးနှုန်းက ဒီလောက်အဆမတန် မြင့်တက်နေတော့ လိုက်မမီတော့ဘူးလေ။ ကျွန်မတို့ဆီမှာက ပြည်သူတွေက လက်လုပ်လက်စားတွေတချို့ လက်မဲ့တွေဖြစ်နေကြတယ်။ အဲဒီအခါကျတော့ သူတို့ရဲ့ ဝင်ငွေထွက်ငွေကလည်း မမျှတဘူး။ ပြည်သူတွေဆိုလို့ရှိရင် ကုန်ဈေးနှုန်းတက်သွားမှုနဲ့ ပတ်သက်လို့ အရမ်းကိုခက်ခဲပါတယ်။ ဒီကုန်ဈေးနှုန်းကိုလည်း လိုက်မမီတဲ့အတွက် စားဝတ်နေရေး အရမ်းခက်ခဲတယ်ပေါ့နော်”လို့ ဆိုပါတယ်။

စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ဖို့အတွက် သက်ဆိုင်ရာ ကော်မတီတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေတယ်လို့ ပြောဆိုနေပေမယ့် မြေပြင်မှာတော့ အတက်ကြမ်းနေတဲ့ ကုန်ဈေးနှုန်း အ ခြေအနေတွေကြောင့် ပြည်သူတွေဟာ နေ့စဉ်စားသောက်ဖို့ပင် ပိုကျပ်တည်းလာတာပါ။

ကမ္ဘာ့ဘဏ်ကတော့ အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ရပ်တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုပိုဆိုးရွားလာကာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်နေဖွယ်ရှိတဲ့အတွက် ဆင်းရဲမှုအခြေအနေဟာ မြန်မာနိုင်ငံအနှံ့အပြား ဆိုးရွားနေမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သွင်းကုန် ပြတ်လပ်မှု၊ လုပ်သား ဈေးကွက်မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကလည်း ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အတားအဆီး ဖြစ်စေပြီး ဝင်ငွေကျဆင်းမှုနဲ့ အိမ်ထောင်စုအသုံးစရိတ် ချွေတာရမှု တွေကလည်း စားသုံးမှုနဲ့ လက်လီရောင်းဝယ်ဖောက်ကားရေးအတွက် အ တားအဆီး ဖြစ်စေတယ်လို့ ဆိုပါ တယ်။

၂၀၂၄ ခုနှစ်အစမှာ နိုင်ငံ့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ကျရောက်သွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.