ဝါရှင်တန်၊ ဇွန် ၁၂

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ၊ လုပ်သားအင်အား ပြတ်လပ်မှုတွေနဲ့ ငွေကြေးတန်ဖိုး လျော့ကျမှုတွေကြောင့် စီးပွားရေး လုပ်ကိုင်ရ ပိုမိုခက်ခဲလာနေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ တစ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် မတ်လမှာ အဆုံးသတ်တဲ့ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်း ထုတ်ကုန်တန်ဖိုး တစ်ရာခိုင်နှုန်း ဖွံ့ဖြိုးမယ်လို့ ခန့်မှန်းခဲ့ပြီးနောက် အဲဒီကာလအတွင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု နှစ်ရာခိုင်နှုန်း ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလအတွင်းက ခန့်မှန်းထားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်နေတာ၊ လုပ်သားအင်အား ရရှိဖို့ ခက်ခဲတာ၊ နိုင်ငံခြားငွေကြေး လဲလှယ်ဖို့ ခက်ခဲတာနဲ့ လျှပ်စစ်မီး မရတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုဟာ အရင်က ခန့်မှန်းထားတဲ့ အခြေအနေထက် အားနည်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၅၅ သန်းသော မြန်မာပြည်သူတွေဟာ နိုင်ငံရေးစီးပွားရေး ဝရုန်းသုန်းကား အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့်လည်း ပြည်သူတွေဟာ ကျေးလက်ဒေသတွေနဲ့ ပြည်ပသို့ သွားရောက်မှု ပိုများလာခဲ့တာကြောင့် လုပ်သားအင်အား ပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်းလမ်းက ကုန်တင်သွင်းမှုဟာ ထက်ဝက်လောက် လျော့ကျသွားပြီး အလုံးစုံကုန်တင်သွင်းမှုဟာ ၇၁ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

၂၀၂၄ ခုနှစ် မတ်လမှာ အဆုံးသတ်တဲ့ ခြောက်လတာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ အလုံးစုံ ကုန်တင်ပို့မှုဟာ အရင်နှစ် အလားတူ ကာလကထက် ၁၃ ရာခိုင်နှုန်း လျော့ကျသွားပြီး ကုန်တင်သွင်းမှု ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.