ဘန်ကောက်၊ ဇွန် ၄

အယ်လ်နီညိုရာသီဥတု အခြေအနေကနေ လာနီညာရာသီဥတု အခြေအနေသို့ ပြောင်းလဲလာနိုင်ခြေကို စောင့်ကြည့်နေကြောင်း ထိုင်းစီးပွားရေးဝန်ကြီးဌာနက ဇွန် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

လာနီညာရာသီဥတု အခြေအနေအဖြစ် ပြောင်းလဲလာရင် အထူးသဖြင့် အဲဒီရာသီဥတုအခြေအနေနဲ့ ပတ်သက်လို့ အတိမ်းအစောင်းမခံနိုင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုတွေနဲ့ စားနပ်ရိက္ခာ ပစ္စည်း ထုတ်လုပ်မှုတွေကို ထိခိုက်နိုင်ပြီး ထိုင်းနိုင်ငံရဲ့ ငွေဖောင်းပွမှု အပေါ် ရိုက်ခတ်မှုရှိလာမှာကို စီးပွားရေးဝန်ကြီးဌာနက စိုးရိမ်နေတာလည်းဖြစ်ပါတယ်။

ထိုင်းမိုးလေဝသဌာနက ဖော်ပြထားတဲ့ အချက်အလက်တွေအရ အယ်လ်နီညိုရာသီဥတု အခြေအနေတွေ အားလျော့နည်းသွားပြီး ဧပြီနဲ့ ဇွန်လကြားမှာ ကြားခံရာသီဥတု အခြေအနေတွေ ဖြစ်ပေါ်လာကာ ဇွန်လကနေ သြဂုတ်လအတွင်း လာနီညာရာသီဥတု အခြေအနေ ဖြစ်ပေါ်လာနိုင် ခြေ ၆၀ ရာခိုင်နှုန်း ရှိတယ်လို့ ထိုင်းကုန်သွယ်ရေးနဲ့ ဗျူဟာဆိုင်ရာရုံး ညွှန်ကြားရေးမှူးချုပ် ပွန်ပွန် နိုင်ယန်နာခွန်က ပြောပါတယ်။

လာနီညာဟာ အယ်လ်နီညိုရာသီဥတု အခြေအနေနဲ့ ဆန့်ကျင်ဘက် ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်ကနေ အနောက်ဘက်အထိ ပုံမှန်ထက် ပိုပြင်းတဲ့ လေပြင်းတွေ ကျရောက်လာနိုင်ပါတယ်။

အရှေ့တောင်အာရှရဲ့ ရေထုဟာ ပိုမိုပူနွေးလာမှာဖြစ်တာကြောင့် ဒေသတွင်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်တာနဲ့ မိုး ပိုမို သည်းထန်လာနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ် ပွန်ပွန်က ပြောပါတယ်။

လွန်ကဲတဲ့ မိုးရွာသွန်းမှုကြောင့် စိုက်ခင်းဒေသတွေ ထိခိုက်နိုင်ပြီး ရိတ်သိမ်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သလို ကောက်ပဲသီးနှံတွေ ပျက်စီးတာ၊ ဈေးကွက် ထောက်ပံ့နိုင်မှု အပေါ်မူတည်ပြီး စျေးနှုန်းမြင့်တက်တာ ထုတ်လုပ်နိုင်မှု အားနည်းတာတွေ ဖြစ်လာနိုင်ကြောင်း ပွန်ပွန်က ပြောပါတယ်။

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးစျေးကွက်ဟာ ထိုင်းနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုရဲ့ ၅ ဒဿမ ၈၃ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါတယ်။

၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ရေနံစျေးနဲ့ ဓာတ်မြေသြဇာစျေးကို မြင့်တက်စေခဲ့တဲ့ ရုရှား-ယူကရိန်း စိုက်ပွဲကြောင့် ရိုက်ခတ်မှု ရှိခဲ့သလို လာနီညာရာသီဥတုကြောင့်လည်း စိုက်ပျိုးကဏ္ဍ ထိခိုက်ခဲ့ရတယ်လို့ ကုန်သွယ်ရေးနဲ့ ဗျူဟာရုံးက ပြောပါတယ်။

အဲဒီနှစ်တုန်းက မိုးရေချိန်ဟာ နှစ်ပေါင်း ၃၀ အတွင်း ပျမ်းမျှမိုးရေချိန်ထက် ၂၄ ရာခိုင်နှုန်း ပိုများခဲ့ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစျေးနှုန်း ၁၁ ဒဿမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.