မော်လမြိုင် ၊ ဇွန် ၄

အခုပညာသင်နှစ်အတွက် နိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းတွေမှာ လာရောက်အပ်နှံသူ ၆၃ သိန်း ၉ သောင်းကျော်ရှိပေမယ့် မနှစ်ကထက် လျော့ကျလာတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေနဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း တိုင်းနဲ့ပြည်နယ်ရှိ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ အခြေခံပညာကျောင်းတွေ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အပ်နှံကြသူတွေ ၆၃ သိန်း ၉ သောင်းကျော်ရှိပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၆၄ သိန်း ၇ သောင်းကျော်ရှိခဲ့တဲ့အတွက် အခုပညာသင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ မနှစ်ကထက် ကျောင်းသား၊ ကျောင်းသူ ရှစ်သောင်းနီးပါးလောက် လျော့ကျသွားခဲ့တာပါ။

တစ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အား စုတွေက လွတ်မြောက်နယ်မြေတွေအဖြစ် မြို့ပေါင်း ၆၀ နီးပါး ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် အဲဒီမြို့ တွေမှာ စစ်ကောင်စီရဲ့ ပညာရေးစနစ်လည်ပတ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ရောက်ရှိသွားခဲ့ပါတယ်။

ဝါရင့် နိုင်ငံ‌ရေးသမား ဦးဖေသန်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ဖို့ ဆရာ၊ဆရာမတွေ နှုတ်ထွက်ပြောင်းရွှေ့တာတွေ ရှိလာသလို စစ်ရေးကြား ထိခိုက်ဒဏ်ရာရမှာစိုးတဲ့အတွက် ကျောင်းအပ်မှု လျော့ကျတာလို့ သုံးသပ်ပါတယ်။

“တော်လှန်ရေးတပ်တွေ ထိန်းထားတဲ့ နယ်မြေတွေမှာ (စစ်ကောင်စီပညာရေးစနစ်ရဲ့ သင်ရိုးညွန်းတမ်း) အဲဒီစာကိုသင်ဖို့က တော်တော်ခက်ခဲပါတယ်။ တချို့ ဆရာ/မတွေလည်း အလုပ်ကထွက်တဲ့သူ ထွက်၊ နယ်ပြောင်းတဲ့သူ ပြောင်း၊ အလုပ်မလာတဲ့သူ မလာ။ အဲဒီလို ဖြစ်ကုန်ပါပြီ။ အဓိကတော့ စစ်ရေးကြားမှာ ကြားညှပ်ပြီးတော့ ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်တာပေါ့။ ဆရာတွေ‌ရော ကျောင်း သားတွေရော စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေမှာ စာသင်ကျောင်းတွေမှာ ကျောင်းအပ်ဖို့ တချို့ကစိတ်မဝင်စားဘူး၊ တချို့က ကြောက်ရွံ့ နေတယ်။ အဲဒီလိုဖြစ်နေတဲ့အတွက် ကျောင်းစာရင်းသွင်းတာ လျော့ကျတယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် စစ်တပ်ထိန်းချုပ်မှုအောက်က ပညာရေးစနစ်ကို ဒီမိုကရေစီရေးတက်ကြွသူတွေ သပိတ်မှောက်ခဲ့ကြပေမယ့် အာဏာသိမ်းမှုကြာလာချိန် ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် အ ခြေခံလူတန်းစားပြည်သူတွေကတော့ အစိုးရအခြေခံပညာရေးကလွဲရင် ရွေးစရာ မရှိခဲ့ပါဘူး။

စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ အညာဒေသမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပညာရေးဝန်ကြီးဌာနကနေ ဖွင့်လှစ်တဲ့ ကြားကာလပညာရေး ကိုယ်ထူကိုယ်ထ အ ခြေခံပညာကျောင်းတွေ မြို့နယ်၊ ကျေးရွာအုပ်စုအလိုက် လည်ပတ်မှုရှိနေတာပါ။

စစ်ကိုင်းတိုင်းက ကိုယ်ထူကိုယ်ထ ပညာရေးမှာ လုပ်ဆောင်ပေးနေသူတစ်ဦးက အညာဒေသမှာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်က အစိုးရကျောင်းတွေ လုံးဝမရှိတော့သလို ပညာရေးဝန်ထမ်းတွေလည်း တာဝန်မထမ်းဆောင်ရဲဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အညာဒေသတွေမှာဆိုရင် အစိုးရကျောင်းဆိုတာ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ စကစရဲ့ ကျောင်းဆိုတာ လုံးဝမရှိတော့သလို ဘယ် Non CDM မှလည်း လာပြီးတော့ ကျွန်တော်တို့ရဲ့ အ ညာဒေသကို ဘယ်သူမှ တာဝန်မထမ်းဆောင်ရဲသလို (စကစ) ပညာရေးက ပျက်ယွင်းသွားပြီ။ အ ညာဒေသတခွင်ကတော့ တစ်ယောက်မှကို မလိုက်သလို လိုက်တဲ့သူလည်း မရှိသလောက်ပါပဲ”လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ရွှေပြည်အေး၊ မြို့သစ်၊မော်လူး၊ ခန်းပတ် စတဲ့မြို့တွေကို အမျိုးသားညီညွတ် ရေးအစိုးရ NUG ရဲ့ ပြည်သူကာကွယ်ရေးတပ်မတော် PDF နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

စစ်ကောင်စီရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေထဲက မြို့ ပေါင်း ၁၃ မြို့ ထက်မနည်း လက်လွှတ်ခဲ့ရတဲ့ ချင်းပြည်နယ်မှာတော့ ကိုယ်ထူကိုယ်ထပညာရေးအတွက် လိုအပ်တာတွေ ပြင်ဆင်နေတယ်လို့ CDM ကျောင်းဆရာမတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျေးရွာကနေ ကိုယ်ထူကိုယ်ထပေါ့၊ လုပ်အားပေး ဆရာ၊ ဆရာမတွေခေါ်တယ်။ ပြီးရင် စာအုပ်တွေ စာရွက်စာတမ်းတွေလည်း အခုမှစုနေတုန်း။ ဈေးတွေကလည်း ပုံမှန်ဈေးထက်စာရင် တစ်ဆ၊နှစ်ဆ အဲဒီလိုမျိုးတန်ဆာခနဲ့ဆိုရင် ပုံနှိပ်တွေက အရင်တုန်းက တစ်သောင်းခွဲနဲ့ရတဲ့ဟာဆို အခု သုံးသောင်းဖြစ်သွားတယ်ဆိုတော့ အများကြီးလုပ်ရဦးမှာ။အများကြီး ကြိုးစားရဦးမှာ။ အခုက လုပ်တော့ လုပ်နေတာပဲ။ ဒါပေမယ့် ပစ္စည်းတွေက မစုံသေးဘူး”လို့ ဆိုပါတယ်။

တစ်ဘက်မှာ ပုံနှိပ်စာအုပ်အပါအဝင် သင်ထောက်ကူပစ္စည်းလိုအပ်ချက်တွေနဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေအတွက် လိုအပ်တဲ့ စေတနာကြေးတွေလည်း ပံ့ပိုးပေးနိုင်ဖို့ အလှူရှင်တွေ ရှာနေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီဒေသက ကျောင်းသူကျောင်း သားတွေ ကလေးသူငယ်တွေဟာ အမိုးအကာအောက်မှာ ဘေးကင်းလုံခြုံစွာနဲ့ အပြည့်အဝ ပညာ သင်ကြားနိုင်ခြင်း မရှိသေးဘူးလိူ့ CDM ပညာရေးအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ ပညာသင်နှစ်တစ်ခုမှာ ကျောင်းအပ်နှံမှုပျမ်းမျှ ၁၂ သန်းရှိရ မှာဖြစ်တဲ့အတွက် အာဏာသိမ်းမှုအလွန် ၃ နှစ်အတွင်း ကလေးအနည်းဆုံး ရှစ်သန်းကနေ ၁၀ သန်းထက်မနည်း ပညာသင်ယူခွင့် ဆုံးရှုံးနေရတာလို့ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.