နေပြည်တော် ၊ မေ ၂၉

ဒီမိုကရေစီအစိုးရလက်ထက်နဲ့ အာဏာသိမ်းကာလအတွင်း မြန်မာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေမှာ ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဦးအောင်နိုင်ဦးနဲ့ ဦးမောင်မောင်ဝင်းတို့ကို လက်ရှိတာဝန်ကနေ အနားပေးလိုက်တယ်လို့ စစ်ကောင်စီက မေ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီရုံးဝန်ကြီးဌနာ (၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တာဝန်ကနေ အနားယူခွင့်ပြုလိုက်တာပါ။

ဒါပေမယ့် သူတို့နှစ်ဦးရဲ့ နေရာမှာ ဆက်လက်တာဝန်ယူ ထမ်းဆောင်မယ့်သူတွေကိုတော့ စစ်ကောင်စီဘက်က အစားထိုးခန့်အပ်လာတာ မတွေ့ရသေးပါဘူး။

ဦးအောင်နိုင်ဦးဟာ ဒီမိုကရေစီအစိုးရနှစ်ဆက်ဖြစ်တဲ့ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တို့မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သူပါ။

၂၀၁၉ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ပေးခံခဲ့ရပြီး စစ်အာဏာသိမ်းကာလမှာတော့ အဲဒီဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) နဲ့ စစ်ကောင်စီဥက္ကဌရုံး ဝန်ကြီးဌာန (၂) ကို ထပ်မံ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဦးမောင်မောင်ဝင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD အစိုးရလက်ထက်ကနေ လက်ရှိအနားပေးခံခဲ့ရတာ ရာထူးနဲ့အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သူတို့နှစ်ဦးရေးဆွဲပေးတဲ့ ဘဏ္ဍာရေးမူဝါဒတွေဟာ မြန်မာ့ငွေကြေးဖောင်းပွမှုကနေ ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းကို တည်ငြိမ်အောင် မလုပ်နိုင်တာကြောင့် ရာထူးကနေ ဖယ်ရှားတာလို့ သုံးသပ်ပါတယ်။

“စစ်အာဏာသိမ်းပွဲဖြစ်တော့လည်း စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီထဲမှာ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေမရှိတာကြောင့် သူတို့ကိုသုံးထားပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေက မကောင်းပါဘူး။ မြန်မာ့ငွေကြေးဖောင်း ပွမှုကို အကြောင်းပြုပြီး ပေါ်ပေါက်နေတဲ့ ငွေလဲနှုန်းထိန်းသိမ်းရေး တည်ငြိမ်အောင်လုပ်ရေးလုပ် ငန်းဆိုတာ မအောင်မြင်နိုင်တော့ဘူးဆိုတာ စစ်ကောင်စီက သဘောပေါက်သွားပါပြီ။ ဒါကြောင့် သူတို့ကိုရာထူးနေရာက ဖယ်ရှားလိုက်တာလို့ ယူဆပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ချင်းမှုတွေ၊ ကန့်သတ်မှုတွေနဲ့အတူ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပဋိပက္ခအရှိန်တွေကြောင့် မြန်မာ့စီးပွားရေးဟာ အနုတ်လက္ခဏာပြပြီး ငွေကြေးဖောင်းပွမှုတွေလည်း တစ်စထက်တစ်စ မြင့်တက်လာနေတာပါ။

တစ်ဘက်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းမှုအတွင်း ကောင်စီဝင်တွေ၊ စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေနဲ့ ဝန်ကြီးတွေကို အခြေအနေပေါ်မူတည်ကာ အရေးပေါ်ကာလသက် တမ်းမတိုးခင်နဲ့ တိုးပြီးချိန်မှာ အပြောင်းအလဲပြုလုပ်နေတာ ဖြစ်ပါတယ်။

ISP-Myanmar ရဲ့ အခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အာဏာသိမ်းသုံးနှစ်အတွင်း စစ်အုပ်စုရဲ့ ကောင်စီဝင်တွေနဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်တဲ့ ထိပ်ပိုင်းလူပုဂ္ဂိုလ် ၁၅၂ ဦးကို အပြောင်းအလဲလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအုပ်ချုပ်ရေးယန္တရားထဲမှာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးကနေ ပြည်နယ်နဲ့ တိုင်းဝန် ကြီးချုပ်အဆင့်အထိပါဝင်ပြီး အခုလို အပြောင်းအလဲလုပ်ခဲ့တာဟာ နေရာချထားမှုနဲ့ တာဝန်ခွဲဝေမှုမှာ ဂနာငြိမ်ပုံမရဘူးလို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.