ဘန်ကောက်၊ မေ ၂၅

ထောင်ကျခံရဖူးတဲ့ ရှေ့နေတစ်ယောက်ကို ဝန်ကြီးများအဖွဲ့မှာ ခန့်အပ်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထုတ်ပယ်ရေး တိုင်ကြားမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက မေ ၂၃ ရက်နေ့မှာ လက်ခံလိုက်ပါတယ်။

ပြည်သူ သန်း ၅၀ အတွက် ငွေသားတွေ ပေးဝေရေး ကြန့်ကြာနေတဲ့ ရွေးကောက်ပွဲ ကတိတည်စေဖို့ ရန်ပုံငွေရှာဖွေရေး၊ စွမ်းဆောင်ရည် လျှော့ကျနေတဲ့ စီးပွားရေး ပြန်လည်အားကောင်းလာစေရေးနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့အချိန် မကြာသေးခင်က ဝန်ကြီး ၃ ဦး နုတ်ထွက်သွားပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပီချစ် ချူအန်ဘမ်ဟာ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဝန်ကြီးတွေအတွက် ကျင့်ဝတ်သိက္ခာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ လွှတ်တော် အမတ် ၄၀ က တိုင်ကြားပြီး ဝန်ကြီးချုပ် ဆရက်သာကို ရာထူးတာဝန်က ဆိုင်းငံ့ပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် တရားရုံးက ဝန်ကြီးချူပ်ကို ရာထူးက မဆိုင်းငံ့ဖို့ ရွေးချယ်ပြီး ဆုံးဖြတ်ချက်ချဖို့ ဆိုင်းထားခဲ့ပါတယ်။

ဝန်ကြီးချုပ် ဆရက်သာ အနေနဲ့ တရားရုံးမှာ ခုခံချေပဖို့ အချိန် ၁၅ ရက် ရထားပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက် ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်က သူ့အနေနဲ့ အားလုံးကို ရိုးရိုးသားသား လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဘယ်လိုမေးမြန်း စုံစမ်းမှုကိုမဆို ဖြေကြားပေးဖို့ အဆင်သင့်ရှိတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေဟာ သာမန်ပဲဖြစ်ပြီး ပြည်သူ့ကောင်းကျိုးကို အစိုးရက အမြဲ ဦးစားပေးနေတယ်လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။

ပီချစ်ကို ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီးအဖြစ် မခန့်ထားခင် သူအရည်အချင်း ပြည့်မီမှု ရှိ မရှိ အသေအချာ စစ်ဆေးခဲ့ပြီး သူ့ကိုဝန်ကြီးရာထူး ခန့်ထားလိုက်တာဟာ ဥပဒေနဲ့အညီ ဖြစ်တယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့် ရှိသူ တစ်ယောက်က အစောပိုင်းမှာ ပြောဆိုထားပါတယ်။

သြဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ မိသားစုနဲ့ နိုင်ငံရေးအရ ရင်းနှီးတဲ့ အရာရှိတစ်ယောက်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ မစ္စတာ ပီချစ်ဟာ ဝန်ကြီးချုပ် ဆရက်သာ တရားစွဲ မခံရစေရေးအတွက် ဝန်ကြီးရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ပီချစ်ဟာ ဘတ် ၂ သန်းကို စက္ကူအိတ်နဲ့ ထည့်ပြီး တရားရုံးအရာရှိတွေကို လာဘ်ထိုးဖို့ ကြိုးပမ်းခဲ့တာကြောင့် ၂၀၀၈ ခုနှစ်က တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ထောင် ၆ လ ချမှတ်ခံခဲ့ရပါတယ်။ အဲဒီစွဲချက်ကို သူက ငြင်းဆိုခဲ့ပေမယ့် သူ့ရဲ့ ရှေ့နေလိုင်စင် ၅နှစ် ဆိုင်းငံ့ခံခဲ့ရပါတယ်။

သူဟာ သက်ဆင် အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေအတွက် ရှေ့နေ လိုက်ပေးခဲ့သူဖြစ်ပြီး သူလိုက်ပေးတဲ့ အမှုတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ဝန်ကြီးချုပ်အမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချရေး တရားရုံးက အချိန် သတ်မှတ်ထားတာ မရှိသေးပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.