ဝါရှင်တန်၊ မေ ၂၅
တရုတ်ရဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုကြောင့် တင်းမာမှုတွေ မြင့်တက်လာပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်ဟာ တရုတ် စစ်ဖက်ဆိုင်ရာအကြီးအကဲနဲ့ တွေ့ဆုံမယ်လို့ ပင်တဂွန်က မေ ၂၄ ရက်မှာကြေညာခဲ့ပါတယ်။
ကမ္ဘာတဝှမ်းက ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှစ်စဉ်တွေ့ဆုံပွဲ ဖြစ်တဲ့ စင်ကာပူမှာ မေ ၃၁ ရက်နေ ဇွန် ၂ ရက် အထိ ပြုလုပ်မယ့် ရှန်ဂရီလာ အစည်းအဝေး တက်ရောက်ချိန်မှာ ဝန်ကြီး အော်စတင်က တရုတ် ရေတပ်ဗိုလ်ချုပ် ဒေါင်ဂျန်နဲ့ တွေ့ဆုံမယ်လို့ ပင်တဂွန်က ပြောပါတယ်။
တရုတ်ဟာ သူတို့အပိုင်လို့ပြောထားတဲ့ ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ရေး သူတို့ရဲ့ စွမ်းရည်ကို စမ်းသပ်တဲ့ အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေနဲ့ ပတ်ဝိုင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်ကို ရှေ့ဆုံးက ကာကွယ်သွားမယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတသစ် လိုင်ချင်းတီ ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဝန်ကြီးအော်စတင်နဲ့ တရုတ်ရေတပ်ဗိုလ်ချုပ်တို့ ဧပြီလက ဖုန်းနဲ့ ဆွေးနွေးခဲ့ဖူးပြီး ၁၈ လနီးပါးအတွင်း အင်အားကြီးနှစ်နိုင်ငံရဲ့ ကာကွယ်ရေးအကြီးအကဲတွေကြား ပထမဆုံးဆွေးနွေးမှု ဖြစ်လာမှာပါ။
ပြီးခဲ့တဲ့လက ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေဆီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် သွားရောက်ခဲ့ပြီးနောက် ဘိုင်ဒန်အစိုးရနဲ့ ဘေဂျင်းကြားအပြန်အလှန် ဆက်သွယ်မှုပိုများလာတာ တွေ့ရပါတယ်။
ဝန်ကြီး အော်စတင်ဟာ လာမယ့်သီတင်းပတ် အာဆီယံကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရေး ကမ္ဘောဒီးယားကို သွားရောက်မှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်ဟာ ပြင်သစ်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
Ref:AFP