သထုံ၊ မေ ၂၅
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲကို စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လေယာဉ်နဲ့ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ KNU သထုံခရိုင်ထဲကို မေ ၂၁ ရက်နေ့စကပြီး စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်အပါအဝင် ကင်းထောက်လေယာဉ်တွေနဲ့ နေ့စဉ်ရက် ဆက် ကင်းထောက်မှုတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့စဉ်ရက်ဆက် ကင်းထောက်လာတဲ့အတွက် ဗုံးကြဲမှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးဖော်ထားကြဖို့ KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ KNU သထုံမြို့နယ်ရဲ့ ရွှေကြည်ကျေးရွာနဲ့ မိကျောင်းအိုင်ကျေးရွာ ပတ်ဝန်းကျင်ကို လေယာဉ်နဲ့ဗုံး ၂ လုံး ကြဲချခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့သထုံမြို့နယ်တွေကို နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် KNU သထုံခရိုင်မှာ အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီ လအထိ လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၆၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU