တိုကျို ၊ မေ ၂၄
စစ်ကောင်စီနဲ့ တော်လှန်ရေးအုပ်စုတွေကြား တိုက်ခိုက်နေကြတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအဆုံးသတ်ရေး ထိုင်းအစိုးရအနေနဲ့ မရပ်မနား ကြိုးပမ်းနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားပါတယ်။
ထိုင်းအစိုးရအနေနဲ့ လက်ရှိအာဆီယံဥက္ကဌ လာအို၊ အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ မြန်မာ့ပြဿနာ ဖြေရှင်းရေး ကြိုးပမ်းနေတယ်လို့ သာဗီဆင်က တိုကျိုမြို့မှာ မေ ၂၄ ရက်နေ့က ပြုလုပ်တဲ့ Nikkei သတင်းဌာနရဲ့ အာရှအနာဂတ် ဖိုရမ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နှစ်နိုင်ငံနယ်စပ်က မြန်မာပြည်သူတွေကို လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးဖို့ ထိုင်းက အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်သာဗီဆင်က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာကို မိမိတို့ မြင်တွေ့လိုပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စည်းလုံးရေးအတွက် ထိုင်းက မရပ်မနားကြိုးပမ်းနေတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ထိုင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ အများကြီးကို လက်ခံထားရတဲ့နိုင်ငံ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ လက်နက်ကိုင် အဖွဲ့ ပေါင်းစုံရဲ့ ဆန့်ကျင်တော်လှန်မှုနဲ့ ရင်ဆိုင်နေရပြီး လက်ရှိမှာ ရှုံးနိမ့်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။
အရပ်သားအစိုးကို ဖြုတ်ချပြီး အာဏာသိမ်းသုံးနှစ်ကျော်ကြာလာတဲ့ အချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီ စစ်ခေါင်းဆောင်က အကြိမ်ကြိမ်ပြောဆိုနေပေမယ့် တည်ငြိမ်မှုမရှိတဲ့ အခြေအနေမှာရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ပြောဆိုမှုက သံသယ ဖြစ်စရာကောင်းကြောင်း ထိုင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။
Ref:Bangkokpost