နေပြည်တော် ၊ မေ ၂၅
အာဏာသိမ်းမှုအတွင်း တစ်နိုင်ငံလုံးနီးပါးအနှံ့ထိုးစစ်တွေကြောင့် စိုးမိုးနယ်မြေများစွာ လက်လွှတ်ထားရပေမယ့် စစ်ကောင်စီ ဝါဒဖြန့်ပြောဆိုလေ့ရှိတဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲအ တွက် လုပ်ငန်းစဉ်တွေကိုတော့ တရွေ့ပြီးတရွေ့ ခြေလှမ်းလာနေပါတယ်။
မေ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ လူဦးရေစာရင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကော်မရှင်အနေနဲ့ မဲစာရင်းမှန်ကန်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
မဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ်ကို တိုင်းနဲ့ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲတွေက ဝန်ထမ်းတွေကို သင်တန်းတွေဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်သလို ရွေးကောက်ပွဲကျင်းပမယ့် ပုံစံအတိုင်းလေးကြိမ် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ မှတ်တမ်းတွေအရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧ ပြီလအတွင်း ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု ၇၁ ကြိမ်ရှိခဲ့ပြီး အဲဒီထဲမှာ နိုင်ငံသားစိစစ်ရေးကဒ်တွေ ကွင်းဆင်းလုပ်ဆောင်ပေးတဲ့ ပန်းခင်းစီမံချက်လှုပ်ရှားမှုကို ၃၂ ကြိမ်ထိ အများဆုံးပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် အီလက်ထရွန်းနစ်မဲပေးစက်နဲ့ စမ်းသပ်မဲပေးမှု ၁၃ ကြိမ် ၊ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူမှု ၁၂ ကြိမ်၊သန်းခေါင်စာရင်းဆိုင်ရာ လုပ်ဆောင်မှု ၃ ကြိမ် ရှိခဲ့တဲ့အပြင် မဲစာရင်းနဲ့ပတ်သက်တဲ့ တင်ဒါခေါ်ယူမှုနဲ့ ဝန်ထမ်းသစ်ခေါ်ယူတာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတွေကို ကချင်၊ကရင်နဲ့ ကရင်နီမှာ စစ်ကောင်စီစိုးမိုးနယ်မြေရှိ မြို့ပေါ်တွေမှာသာ တစ်ကြိမ်စီပြုလုပ်နိုင်ခဲ့သလို တနင်္သာရီတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ၃ ကြိမ်စီ၊ ဧ ရာဝတီတိုင်းမှာတော့ အကြိမ် ၂၀ နဲ့ အများဆုံး ပြုလုပ်ခဲ့တာလို့ BACS ရဲ့ မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ လုပ်နိုင်မှာမဟုတ်ဘဲ အစိုးရလုပ်ငန်းတွေကို ပုံမှန်လည်ပတ်နေတယ်ဆိုတာ ပြသဖို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတာလို့ သုံးသပ်ပါတယ်။
“ကျွန်မအမြင်ကတော့ သူရွေးကောက်ပွဲလုပ်နိုင်မယ် မထင်ပါဘူး။ သူတို့ အစိုးရတစ်ရပ်အနေနဲ့ အ လုပ်လုပ်နေပါတယ်ဆိုတာပြဖို့ ဝါဒဖြန့်ချီဖို့အတွက် ဒီဟာတွေ လုပ်နေတာထင်တယ်။ ရွေးကောက် ပွဲဖြစ်လာမှာ မထင်ပါဘူး။ စစ်တပ်က ဘယ်တုန်းကများ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖူးလို့လဲ။ သူတို့ကိုယ်တိုင်လုပ်ပေးတဲ့ ရွေးကောက်ပွဲလည်း သူတို့ကြိုက်တဲ့အဖြေ (ရလဒ်) ရတာတောင်မှ အချိန်မရွေးဖျက်သိမ်းတဲ့ လဏ္ခာတွေရှိနေတာပဲဟာ။ ကျွန်မထင်တယ် သူတို့လုပ်ပေးမယ် မထင်ပါဘူး”လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ စိုးမိုးနယ်မြေ မြို့ပေါင်း ၅၅ မြို့ထဲမှာ ကချင်၊ ချင်း၊ ကရင်နီ၊ ရခိုင်နဲ့ရှမ်းမြောက်တို့မှာ အများဆုံးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မဲစာရင်းတွေ ပြည့်စုံပြီး တိုင်းပြည်တည်ငြိမ်ပြီဆိုတာနဲ့ ရွေးကောက်ပွဲကို တပြိုင်နက်မဟုတ်ရင်တောင် အပိုင်းလိုက်ကျင်းပနိုင်ရေး ဆောင်ရွက်သွားဖို့ရှိတယ်လို့ အခုနှစ်မတ်လအတွင်း ထုတ်ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ တွေ့ဆုံခဲ့ကြပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာပါ။
တစ်ဘက်မှာတော့ နိုင်ငံရေးပါတီတွေရဲ့ မှတ်ပုံတင်လျှောက်ထားခွင့်ကို စစ်ကောင်စီခန့် ရွေး ကောက်ပွဲကော်မရှင်က ပါတီပေါင်း ၄၉ ပါတီအထိ မှတ်ပုံတင်ခွင့်ပေးခဲ့ပေမယ့် နာမည်ရတိုင်းရင်း သားနိုင်ငံရေးပါတီတချို့ကိုတော့ အခုထက်ထိ မှတ်ပုံတင်ခွင့်မပြုပေးခဲ့ပါဘူး။
စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့်အတွက် တစ်နှစ်ကျော်ကြာ လျှောက်ထားကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေထဲမှာ ရခိုင်အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကချင်အမျိုးသားကွန်ဂရက် ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပါဝင်ပါတယ်။
မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက သူတို့ပါတီကိုဘာကြောင့် မှတ်ပုံတင်မချပေးတာလဲဆိုတာ ရွေးကောက်ပွဲကော်မရှင်ဘက်က အကြောင်းမကြားတဲ့အတွက် ဘာမှမသိနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“(ပါတီမှတ်ပုံတင်ခွင့်) တင်တာက ကျွန်တော်တို့ အပိုင်းပေါ့၊ မချပေးတာက သူတို့ (UEC) အပိုင်းပေါ့။ ဘာကြောင့် မချပေးတာလဲဆိုတာ ကျွန်တော်တို့ ဘာမှမသိနိုင်ဘူး။ သူတို့လည်း ဘာကြောင့် မချပေးတာလဲဆိုတာ အကြောင်းမကြားဘူး။ ဘာမှလည်း မပြောသေးဘူး။ အချိန်တန်ရင်တော့ သူတို့ချရင်လည်း ချမယ်၊ မချပေးရင်လည်း သူတို့အကြောင်းကြားမှာပေါ့။ ပယ်ဖျက်ရင်လည်း ပယ် ဖျက်ကြောင်း အကြောင်းကြားမှာပေါ့။ ဒါတော့ ကျွန်တော်တို့ ဘာမှမသိရသေးဘူး”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရွေးကောက်ပွဲကော်မရှင်ဟာ မြေပြင်စာရင်းကောက်ယူမှုကနေပေးပို့လာတဲ့ အ သက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းတွေကို မြို့နယ်အဆင့်နဲ့ ဗဟိုအဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုကာ မြို့နယ်အလိုက် စာရင်းထည့်သွင်းခြင်း၊ မဲရုံခွဲခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်အထိ အမြဲလိုလို ကြွေးကြော်လာခဲ့တဲ့ စစ်ကောင် စီရဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ပြောဆိုမှုဟာ အပြောသက်သက်သာရှိသေးပြီး အချိန်ကာ လကိုတော့ ကတိပေးနိုင်ခြင်း မရှိခဲ့ပါဘူး။
နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ဘောင်ပိုကျယ်လာတဲ့ အခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေမှာ ဆက်လက်ရပ်တည်ဖို့သာ ကြိုးပမ်းရမယ့် သဘောရှိတယ်လို့ သုံးသပ်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI