ကျိုက်မရော၊ မေ ၂၅
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိတော့ပေမယ့် စစ်ကောင်စီတပ်က ရွာထဲပေးမဝင်တာကြောင့် စစ်ရှောင်ပြည်သူတွေ ၇ လကြာတဲ့အထိ နေ ရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။
ကျေးရွာထဲ ပြန်လည်နေထိုင်ခွင့်ရဖို့ ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ကျေးရွာလူကြီးတွေ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် စစ်ကောင်စီဘက်က လက်မခံတာကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်ရသေးပါဘူး။
ချောင်းနှစ်ခွဒေသကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် လုံခြုံရေးအကြောင်းပြချက်နဲ့ ရွာထဲပေးမဝင်သလို နေအိမ်လာပြန်ကြည့်တဲ့ ဒေသခံတွေကိုလည်း ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစတင်ခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာအ ပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့အတွက် တခြားကျေးရွာတွေက ဒေသခံတွေ နေရပ်ပြန်လာနေထိုင်နေကြပေမယ့် စစ်ကောင်စီတပ်စွဲထားတဲ့ ချောင်းနှစ်ခွကျေးရွာ တစ်ရွာတည်းသာ နေရပ်ပြန်လာနေ ထိုင်ခွင့်မရသေးပါဘူး။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေရပြီး ကလေးငယ်တွေကလည်း ပညာသင်ယူခွင့်ဆုံးရှုံးနေရတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နေရပ်ပြန်လာခွင့် မရသေးတဲ့ ချောင်းနှစ်ခွစစ်ရှောင်ပြည်သူ ၂၀၀၀ ကျော်ဟာ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့ ပေါ်တွေက အသိမိတ်ဆွေ၊ ဆွေမျိုးနေအိမ်တွေနဲ့ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။
ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ် ၁၀၀၀ ကျော်က တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်း ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ