နေပြည်တော် ၊ မေ ၂၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် တိုက်ခိုက်ရေးအင်အားလျော့ကျလာနေတဲ့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ်စဉ်စစ်သင် တန်းတွေကို ခပ်သွက်သွက် လုပ်ဆောင်လာနေပါတယ်။

လာမယ့် စစ်သင်တန်းအပတ်စဉ် ၃ ကို လျာထားချက်ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံထားကြဖို့လိုတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုထားတာပါ။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ ပြောဆိုမှုဟာ အရင်စစ်မှုထမ်း သင်တန်းတွေမှာ သူတို့သတ်မှတ်ထားတဲ့ စစ်မှုထမ်းအရေအတွက် မရတာကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ လာမယ့်အပတ်စဉ်အတွက် လူသစ်စုဆောင်းမှုတွေ ကြိုတင်လုပ်ဆောင်ထားဖို့ ဖိအားပေးတယ်လို့ နားလည်ရပါတယ်။

ဒ့ါအပြင် အရင်ဖွင့်လှစ်ခဲ့တဲ့ စစ်သင်တန်းအပတ်စဉ်တွေအတွက် ပြည်သူ့စစ်မှုထမ်းဖို့ ဆင့်ခေါ်ရာမှာ လာရောက်ဖို့ ပျက်ကွက်သူတွေအားလုံးကို တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားဖို့ လိုတယ်လို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ခြိမ်းခြောက်ခဲ့တာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်တွေကို သေတွင်းပို့တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက် လိုချင်တဲ့အရေအတွက်ရအောင် ဖိအားပေးခြိမ်းခြောက်ပြီး လုပ်နေရတာလို့ သုံးသပ်ပါတယ်။

“တနည်းအားဖြင့် လူငယ်တွေကို သေတွင်းပို့မယ့် ဥပဒေပေါ့။ ဒါကြောင့် သူတို့အချင်းချင်းတော့ လူငယ်တွေကို ရက်တိုသင်တန်းတွေပေးပြီး ရှေ့တန်းကို လွှတ်တယ်ဆိုတာ တကယ့်သေတွင်းကို ပို့တာပဲ။ အဲဒီလိုအခြေအနေမျိုးမှာ မပြည့်မီတာတို့၊ ထွက်ပြေးတာတို့၊ ခေါ်လို့ မလာတာတို့ ရှိမှာပေါ့။ အဲဒါတွေကို အတင်းဖိအားပေး ခြိမ်းခြောက်ပြီးတော့ ကိုယ်လိုချင်တဲ့ အရေအတွက်ရအောင် သင် တန်းပြည့်အောင် အဲဒီလိုမျိုး လုပ်နေရတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်”လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စာရင်းသွင်းဖို့ ဆင့်ခေါ်တဲ့အချိန် လာရောက်ဖို့ ပျက်ကွက်တာ၊ မှတ်ပုံတင်ထားပြီးဆေးစစ်ဖို့ ပျက်ကွက်သူတွေအနေနဲ့ ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူခံရမယ်လို့ ပြဌာန်းထားတာပါ။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော်ဖို့ ကြိုးပမ်းပေးနေသူတွေကို ပြတ်ပြတ်သားသားအရေးယူသွားမယ်လို့ အသိပေးပြော ဆိုထားသလို ရှင်းလင်းမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ခုခံတော်လှန်မှုတွေကို နိုင်ငံအနှံ့အပြားမှာ စစ်မျက်နှာပေါင်းစုံ ရင်ဆိုင်ထားရတဲ့အတွက် စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး သုံးလအကြာမှာ ပြည်သူ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ရိုက်ချက်ပြင်းပြင်းနဲ့ လပိုင်းအတွင်း စိုးမိုးနယ်မြေများစွာ လက်လွှတ်ခဲ့ရပြီး တိုက်ခိုက်ရေးအင်အား လျော့ကျလာမှုကို ဖြည့်တင်းဖို့ စစ်အာဏာရှင်ဟောင်း ဦးသန်း‌ရွှေ လက်ထက်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ထုတ် ပြန်ကြေညာပြီးနောက် နည်းဥပဒေ ထွက်အလာကို မစောင့်ဆိုင်းဘဲ တပ်သားစုဆောင်းရေး လုပ် ငန်းစဉ်တွေကို ခပ်သွက်သွက်နဲ့ ခြေလှမ်းလာခဲ့တာပါ။

မတ်နှောင်းပိုင်းမှာတော့ နိုင်ငံတဝန်းရှိ စစ်မှုထမ်းအပတ်စဉ် ၁ စစ်သင်တန်းအတွက် သင်တန်းသား ၄၃၀၀ ကျော်ကို စစ်သင်တန်းကျောင်း ၁၅ ကျောင်းမှာ ပထမအသုတ်အနေနဲ့ ပို့ဆောင်ခဲ့တာလို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၂ စစ်သင်တန်းကိုတော့ အရင်သင်တန်းမပြီးခင်မှာပဲ မေဒုတိယပတ်မှာ စ တင်ဖွင့်လှစ်ခဲ့ပြီး စစ်သင်တန်းပို့ဆောင်ခံရသူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်ခိုင်းတာ၊ ငွေနဲ့ပေးဝယ်ပြီး အစားထိုးတာ၊ အတင်းအဓမ္မ ဖမ်းဆီးတာတွေလည်း ရှိနေတာပါ။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် လုပ်ထုံးလုပ်နည်းအဖြစ် နည်း ဥပဒေ တတိယမူကြမ်းအဆင့်နဲ့သာ တပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ်တွေနဲ့ စစ်သင်တန်းအ ပတ်စဉ်တွေကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

လူငယ်တွေကတော့ စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာထွက်ပြေးဖို့ ကြိုးစားလာပြီး ပြည်တွင်းက တော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ခိုလှုံရာနေရာဆီ ဝင်ရောက်သူ ၃၅၀၀ ကျော်ရှိသလို ပြည်ပနိုင်ငံမှာ သွားရောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းသူ ၈၅၀၀၀ ကျော် ရှိနေတယ်လို့ BACS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.