နယူးဒေလီ၊ မေ ၂၂

ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေလို့ အရာရှိတွေက နွေရာသီ အားလပ်ရက်အတွက် စာသင်ကျောင်းတွေ စောစောပိတ်ဖို့ ညွှန်ကြားထားပါတယ်။

အရမ်းပူပြင်းနေတဲ့ အပူချိန်ကြောင့် ဒေလီမြို့ အရာရှိတွေက စာသင်ကျောင်းတွေကို သတ်မှတ်ရက်ထက် ရက်အနည်းငယ် စောပြီး ပိတ်ထားဖို့ ညွှန်ကြားထားတာ ဖြစ်ကြောင်း Hindustan Times သတင်းဌာနက မေ ၂၁ ရက် ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

နိုင်ငံတဝှမ်း အပူပြင်းဆုံးနေရာအဖြစ် ဒေလီမြို့ရဲ့ နာဖာဂါဒေသမှာ မေ ၂၀ ရက်နေ့က အပူချိန် ၄၇ ဒဿမ ၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့တာကြောင့် အိန္ဒိယမိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

ဟာယာနာ၊ မာဒရာ ပရာဒက်ချ်၊ ပန်ဂျက်နဲ့ ရာဂျစ်စတန်တို့ ပါအဝင် တခြားပြည်နယ်တွေမှာလည်း အရာရှိတွေက စာသင်ကျောင်းတွေ ပိတ်ထားဖို့ ညွှန်ကြားထားကြောင်း Hindustan Times သတင်းဌာနက ဖော်ပြပါတယ်။

အိန္ဒိယမှာ နွေရာသီရောက်တိုင်း အပူချိန် အရမ်းမြင့်တက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်းဖြတ်သန်းချိန်တွေဟာ ပိုကြာပြီး ပိုပြင်းထန်လာသလို ဖြစ်ပွားတဲ့ အကြိမ်ရေလည်း ပိုများလာကြောင်း သိပ္ပံပညာဆိုင်ရာ လေ့လာမှုတွေက ဖော်ပြနေပါတယ်။

အထူးသဖြင့် လူမမယ်ကလေးတွေ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက သတိပေးထားပါတယ်။

၂၀၂၂ ခုနှစ် မေလက နယူးဒေလီမှာ အပူချိန် ၄၉ ဒဿမ ၂ ဒီဂရီအထိ မြင့်တက်ခဲ့ဖူးကြောင်း အဲဒီအချိန်တုန်းက အိန္ဒိယမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ တမီလ်နာဒူးနဲ့ ကီရာလာ အပါအဝင် အိန္ဒိယတောင်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မွမ်ဘိုင်း အပါအဝင် အိန္ဒိယရဲ့ ဒေသတွေမှာ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါသေးတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.