မော်လမြိုင် ၊ မေ ၂၃

မြေပြင်ထိတွေ့တိုက်ပွဲတွေမှာ တိုက်ခိုက်ရေးအင်အား ယိုင်နဲ့လာနေတဲ့ စစ်ကောင်စီတပ်က လေ ကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အခုနှစ်လေးလတာအတွင်း အရပ်သားပြည်သူ ၃၆၀ နီးပါး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာက ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအတွင်း စစ်ကောင်စီတပ်ကနေ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက် ခိုက်မှု ဖြစ်စဉ်ပေါင်း ၈၂၀ နီးပါး ရှိခဲ့ပြီး ပျမ်းမျှအနေနဲ့ ၁ ရက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနည်းဆုံး ၆ ကြိမ်ရှိခဲ့တာပါ။

အစီရင်ခံစာအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုဖြစ်စဉ် အများဆုံးပြုလုပ်ခဲ့တဲ့ ဒေသကိုကြည့်ရင် လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်စဉ် ၁၈၇ ခုနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာတော့ ဖြစ်စဉ် ၁၂၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

ကျန်တဲ့ ကချင်၊ ကရင်နဲ့ ရှမ်းမြောက်မှာတော့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၈၀ ကနေ ၉၀ ကျော်အထိ ဖြစ်ပွားခဲ့သလို ရှမ်းတောင်၊ချင်း၊ပဲခူး၊ကရင်နီ၊တနင်္သာရီတို့မှာ ဖြစ်စဉ် ၂၀ ကျော်ကနေ ၇၀ နီး ပါးအထိရှိခဲ့ပြီး မွန်၊ မကွေးနဲ့ မန္တလေးမှာတော့ ဖြစ်စဉ် ၉ ခုကနေ ၂၀ နီးပါးအထိ ရှိခဲ့တာပါ။

အဲဒီဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၅၉ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရရာသူ ၇၅၀ ကျော်ရှိခဲ့တဲ့အပြင် ဘာသာရေးအဆောက်အအုံ အခု ၅၀ ၊ စာသင်ကျောင်း ၃၈ ကျောင်းနဲ့ ဆေးရုံးဆေးခန်း ၁၁ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူပိုင် နေအိမ်တွေ၊ ယာဉ်တွေ၊ ကျွဲနွားတိရိစ္ဆာန်တွေနဲ့ စိုက်ခင်းတွေ ထိ ခိုက်ပျက်စီးမှုကလည်း အများအပြားရှိခဲ့တယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။

ဉာဏ်လင်းသစ်ရဲ့ လေ့လာချက်တွေအရ စစ်အုပ်စုဟာ လေကြောင်းစစ်ဆင်ရေးပြုလုပ်တာ၊ မြေ ပြင်ထိုးစစ်ဆင်ရာမှာ လေကြောင်းပစ်ကူပေးတာအပြင် သူတို့ရဲ့ စစ်စခန်းတွေ ထိုးစစ်ဆင်ခံရချိန်နဲ့ စစ်ကြောင်းတွေ တိုက်ခိုက်ခံရချိန်မှာ ကူညီပစ်ခတ်ပေးတာတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် ကင်းထောက်တာ၊ တပ်သားဖြည့်တင်းတာ၊ တပ်တွေပြောင်း‌ရွှေ့နေရာချတာနဲ့ စစ်ရေးအ ရင်းအမြစ် ရိက္ခာတွေပို့ဆောင်တာ စတာတွေကို လုပ်ဆောင်ရာမှာ တိုက်လေယာဉ်တွေ ရဟတ် ယာဉ်တွေ ဒရုန်းတွေနဲ့ အခြားလေ့ကျင့်ရေးယာဉ်တွေကို သုံးစွဲနေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဧပြီလအထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၂၄၇၀ ကျော်ရှိခဲ့ရာ အရပ်သားသေဆုံးမှုအရေအတွက် ၁၃၀၀ နီးပါးနဲ့ ဒဏ်ရာရသူ ၁၆၃၀ ကျော် ရှိခဲ့တယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.