ဟနွိုင်း၊ မေ ၂၂

ဗီယက်နမ် ထိပ်တန်းလုံခြုံရေး အရာရှိ တိုလမ်ကို နိုင်ငံရဲ့ သမ္မတအဖြစ် မေ ၂၂ ရက်နေ့မှာ အတည်ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အခြေခံလွတ်လပ်ခွင့်တွေ ဖိနှိပ်ခံရပြီး ဗီယက်နမ်ထောက်လှမ်းရေး ဌာနဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့တဲ့ကာလမှာ သမ္မတ တိုလမ်ဟာ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး ဆိုင်ရာစစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။

ဗီယက်နမ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးထိပ်တန်း အသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး အစိုးရအဖွဲ့အတွင်း ထိပ်တန်း ရာထူးနေရာတွေ အများကြီးမှာ အပြောင်းအလဲ ဖြစ်ပေါ်စေခဲ့တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်ကို လုပ်ဆောင်နေချိန် သမ္မတဟောင်းကရာထူးကနေ နုတ်ထွက်သွားပြီးနောက် လမ်ကို ဗီယက်နမ် အမျိုးသား လွှတ်တော်က သမ္မတအဖြစ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဗီယက်နမ်သမ္မတ ရာထူးဟာ အများအားဖြင့် အခမ်းအနား တက်ရုံလောက်ပဲလို့ဆိုရမှာ ဖြစ်ပေမယ့် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတဲ့ အသက် ၆၆ နှစ်အရွယ် လမ်ရဲ့ အနေအထားကြောင့် သူဟာ နိုင်ငံတွင်းမှာ အရေးအပါဆုံး နိုင်ငံရေးရာထူး ဖြစ်တဲ့ ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ် ဖြစ်လာဖို့ အရမ်းအားကောင်းတဲ့ နေရာမှာ ရှိနေတယ်လို့ စင်ကာပူ အခြေစိုက် ISEAS-Yusof Ishak Instituteက သုတေသီ ငုယင် ခက်ဂျိုင်က ပြောပါတယ်။

ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင် ဖူထရွန်ဟာ ၂၀၂၁ ခုနှစ်မှာတတိယမြောက်ရာထူးသက်တမ်း အတွက် ရွေးချယ်ခံခဲ့ရပေမယ့် အသက် ၈၀ ရှိပြီ ဖြစ်တာကြောင့် ၂၀၂၆ နောက်ပိုင်းမှာ သူ့အနေနဲ့ နောက်ထပ်ရာထူး သက်တမ်း တစ်ကြိမ် ရရှိဖို့ ကြိုးပမ်းတော့မှာ မဟုတ်တော့ပါဘူး။

ပါတီအတွင်းရေးမှူးချုပ် ထရွန်က အကျင့်ပျက်ခြစားမှုဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ရင်ဆိုင်နေရတဲ့ အပြင်းထန်ဆုံး အန္တရာယ်လို့ ရှုမြင်ထားသူဖြစ်ပြီး သူ့ရဲ့ ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို သမ္မတသစ် လမ်က ဦးဆောင်နေတာ ဖြစ်ပါတယ်။

သမ္မတလမ်ဟာ ၂၀၁၆ ခုနှစ်မှာ ဝန်ကြီးဖြစ်မလာခင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှာ ဆယ်စုနှစ် လေးခုကြာအောင် တာဝန်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ထိပ်တန်းနိုင်ငံရေးသမားတွေကို စုံစမ်းစစ်ဆေးမှု နောက်ကွယ်က ပါဝင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

Ref:ABC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.