ရေဖြူ၊ မေ ၂၃
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့ရဲစခန်းနဲ့မြို့ဝင်စစ်ဆေးရေးဂိတ်ကို မေ ၂၂ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲထားတဲ့ ရဲစခန်းနဲ့မြို့ဝင်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့ဘက်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ လက်ဦးမှုရယူနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး PDF တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ် ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေအနီး ကျရောက်ပေါက်ကွဲတာတွေ ရှိနေပေမယ့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ရဲစခန်းနဲ့မြို့ဝင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ မြို့ဝင်ဂိတ်ကို ဖြတ် သန်းသွားလာခွင့် ပိတ်ချခဲ့ပြီး နေ့လယ်ပိုင်းလောက်မှာသာ ပြန်လည်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကလိန်အောင်မှာ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး အများစုဟာ နေအိမ်မှာပဲ ပုန်းခိုနေထိုင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ကလည်း ကလိန်အောင်မြို့ ဇင်းဘာရွာသုသာန်အနီးမှာ ခမရ ၄၁၀ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ